DVB Logo
Home
နိုင်ငံတကာ
တဖက်သတ် အရေးယူဒဏ်ခတ်မှုများကို မြောက်ကိုရီးယား ဝေဖန်
DVB
·
September 24, 2024
တဖက်သတ် အရေးယူဒဏ်ခတ်မှုများကို မြောက်ကိုရီးယား ဝေဖန်
Donate to DVB

အမှီခိုကင်းပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရေးတယူ အလေးထားဖို့ ကုလသမဂ္ဂရဲ့ အနာဂတ်အတွက် ထိပ်သီးညီလာခံမှာ မြောက်ကိုရီးယား သံအမတ်ကြီး ကင်မ်ဆောင်းက စက်တင်ဘာ ၂၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတချို့က မြောက်ကိုရီးယားအပေါ် တဖက်သတ် ဒဏ်ခတ်တာတွေနဲ့ စီးပွားရေး အကျပ်အတည်း ကျတဲ့အထိ အရေးယူ ဆောင်ရွက်တာတွေကို သူက ဝေဖန်ပြစ်တင်ခဲ့ပြီး သူတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်သူတွေရဲ့ စီးပွားရေးတိုးတက်မှုနဲ့ လူနေမှု အခြေအနေတွေအပေါ် သိသိသာသာ ထိခိုက်စေတယ်လို့လည်း ဆင်ခြေပေး ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခနဲ့ မတည်မငြိမ်မှုတွေကို တားဆီးဖို့၊ ကုလသမဂ္ဂအပေါ် ယုံကြည်မှု ပြန်ရဖို့၊ တရားမျှတတဲ့ နိုင်ငံတကာ စည်းမျဉ်း ဓလေ့ထုံးတမ်းတွေကို လိုက်နာတဲ့စနစ် ထူထောင်ဖို့ အရေးကြီးတယ်လို့ ကင်မ်က အလေးအနက် ပြောပါတယ်။

ရုရှားက ယူကရိန်းစစ်ပွဲကို ဆက်ဆင်နွှဲဖို့နဲ့ မြောက်ကိုရီးယားက လက်နက်အစီအစဉ်တွေ ဆက်လုပ်ဖို့ ထောက်ပံ့နိုင်ရေး ၂ နိုင်ငံကြား ငွေပေးချေမှုလုပ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့ အုပ်စု ၅ စုနဲ့ လူတယောက်ပါတဲ့ ကွန်ရက်ကို စက်တင်ဘာ ၁၉ ရက်မှာ အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်နဲ့ ချိတ်ဆက်နိုင်ရေး ဝင်ရောက်ကူညီဖို့ တရားမဝင် ငွေကြေးအစီအမံတွေကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အစိုးရက သုံးနေပြီး ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တာ ဘယ်လောက်ထင်ရှားတယ်ဆိုတာ ပိတ်ဆို့အရေးယူမှုအသစ်က ဖော်ထုတ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားလုံခြုံရေး ထိပ်တန်းအရာရှိ ဆာဂီ ရွှိုင်ဂူနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို နက်ရှိုင်းအောင် ဆွေးနွေးပြီး ရက်ပိုင်းအကြာမှာ အမေရိကန်က အခုလို အရေးယူလိုက်တာလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့အပြင် အမှီအခိုကင်းတဲ့ လေ့လာသုံးသပ်သူတွေကတော့ ရုရှားအစိုးရဆီက စီးပွားရေးနဲ့ တခြားစစ်ရေးအကူအညီတွေ ပြန်ရဖို့ ရုရှားအစိုးရကို ကင်မ်က ရော့ကက်နဲ့ မစ်ဇိုင်းအမျိုးအစား ဒုံးကျည်တွေ ထောက်ပံ့ပေးနေတယ်လို့ ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားအစိုးရပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ် (FTB) နဲ့ ကိုရီးယား ဂွမ်ဆွန်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းတို့ရဲ့ ဘဏ္ဍာရေးအစီအစဥ်တွေကို ပစ်မှတ်ထားပါတယ်။

သူတို့ ၂ ဖွဲ့စလုံးဟာ အရင်ကလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တာတွေကို ခံခဲ့ရဖူးပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013