DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် တာဝန်ဆက်ပေးရန် ကနေဒါ၊ ဗန်ကူးဗားမြို့၌ ဆန္ဒပြ ( ဓာတ်ပုံ)
DVB
·
September 22, 2024
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် တာဝန်ဆက်ပေးရန် ကနေဒါ၊ ဗန်ကူးဗားမြို့၌ ဆန္ဒပြ ( ဓာတ်ပုံ)
1 / 11
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်လက်ခံအသိအမှတ်ပြုပေးဖို့ ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက   ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဘီကွန်စဖီးလ်ဒ်ပန်းခြံမှာ အဝေးရောက် မြန်မာပြည်သူတွေ စုပေါင်းတောင်းဆို ဆန္ဒပြကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်လက်ခံအသိအမှတ်ပြုပေးဖို့ ကနေဒါ၊ အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း စတဲ့ကမ္ဘာနိုင်ငံ အသီးသီးနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign)ကို လုပ်ဆောင်နေကြတာပါ။

2021 Burmese Action Group (ဗန်ကူးဗား)အဖွဲ့မှ ဦးမင်းနိုင်က “ဒေါ်အောင်ဆန်းစုကြည်ခန့်အပ်ထားတဲ့ သံအမတ်ကို သက်တမ်းတိုးဖို့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကပဲ ပြန်ပြီးသက်တမ်းတိုးရပါတယ်။ သို့ပေမဲ့ သူတို့က   ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ရဲ့ခေါင်းဆောင် ကျနော်တို့ရဲ့အမေစုကို  ဖမ်းထားတဲ့အတွက် ဦးကျော်မိုးထွန်းကို သက်တမ်းတိုးဖို့  ဒေါ်အောင်ဆန်းစုကြည်ဆီက စာမရနိုင်ပါဘူး။ တချိန်တည်းမှာပဲ လက်ရှိအာဏာယူထားတဲ့ စစ်တပ်ကလည်း နိုင်ငံခြားရေးဝန်ကြီးဆိုတာ ခန့်ထားပါတယ်။ သူတို့သာလျှင် နိုင်ငံတကာကနေ တရားဝင်အစိုးရလို့ အသိအမှတ်ပြုလိုက်ရင်  စစ်တပ်က နိုင်ငံခြားရေးဝန်ကြီးက  လက်မှတ်ထိုးပေးလိုက်တဲ့ နောက်တယောက်က ဦးကျော်မိုးထွန်းနေရာကို အလိုအလျောက်ဝင်သွားမှာ၊   အဲဒါဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ ကိုယ်စား  ပြောပေးမယ့် သူမရှိတော့ပဲ စစ်တပ်ရဲ့ အလိုဆန္ဒတွေကို ပြောပေးမဲ့ တဖက်သတ် အမှားတွေကို ပြောမယ့် ရက်စက်ကောက်ကျစ်ယုတ်မာတဲ့ စကားလုံးတွေကို ပြောမယ့် နောက်ထပ် တယောက်ရောက်လာမှာပါ။  ဒါကြောင့်မို့လို့ ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည် သံအမတ်ဖြစ်သလို ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်ပြီးတော့ ပြည်သူ့ကိုယ်စား ပြောပေးနေတဲ့အတွက် ကျနော်တို့က ဒီယူအန်မှာ ပြန်ပြီးတာဝန်ထမ်းဆောင်ဖို့အတွက် ကျနော်တို့ ဆန္ဒပြတာ ဖြစ်တယ်။ တနည်းအားဖြင့် လက်မှတ်ထိုးပေးမဲ့  အမေစုကိုယ်စား ကျနော်တို့က ဆန္ဒပြပြီးတော့ ထောက်ခံတာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

ဗန်ကူးဗားမြို့ခံ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှား မစုထွေးကလည်း“ ကျမတို့ ဦးကျော်မိုးထွန်းကို ထောက်ခံရတဲ့ ရည်ရွယ်ချက်တော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြည်သူ့အစိုးရက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် သံအမတ်ကြီးဖြစ်ခြင်း၊ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး CDM တွေအဖြစ်  စစ်အာဏာရှင်များကို ဆက်လက်  တော်လှန်ခြင်း၊ ပြည်သူ့အသံနဲ့အတူ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ စစ်ဘေးစစ်ဒဏ်နဲ့ လူမဆန်တဲ့ စစ်အာဏာရှင်တို့ရဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို ပြည်သူ့ကိုယ်စားနိုင်ငံတကာသို့ တင်ပြပေးနိုင် တာကြောင့်မို့လို့ ကျမတို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝိုင်းဝန်း ထောက်ခံရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး အပြင်  နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ စစ်ကောင်စီက အရပ်သားပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေမှုတွေကို ချက်ချင်း ရပ်တန့်ပေးရေး၊ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမှာမဟုတ်လို့ ဆန့်ကျင်ကြဖို့ ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲ တိုက်ခိုက်တေဲ့ စစ်ကောင်စီကို လေယာဉ်ဆီပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့၊ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေထိထိရောက်ရောက်ပေးဖို့၊ အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖယ်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေးစတာတွေလည်း တောင်းဆို ဆန္ဒထုတ်ဖော်ကြပါတယ်။

မြန်မာသံအမတ်ကြီး  ဦးကျော်မိုးထွန်း ထောက်ခံပွဲနဲ့အတူ  PDF ထောက်ပို့ စုပေါင်းရန်ပုံငွေရှာ ဈေးရောင်းပွဲကိုလည်း ကျင်းပခဲ့ပြီး မြန်မာရိုးရာအစားအစားတွေ ရောင်းချခဲ့ပါတယ်။ 

ကနေဒါနိုင်ငံ တိုရန်တိုမြို့ ၊ မြို့တော်ခန်းမရှေ့မှာလည်း ဒီနေ့ နေ့လယ်ပိုင်းက ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေစုရုံးပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က  နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ NLD ဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားခဲ့ပြီး သူ့ရဲ့မိန့်ခွန်းအဆုံးမှာ  ပြည်သူသာ အဓိက အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြသခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013