DVB Logo
Home
မြန်မာသတင်း
လယ်ဧက ၃ သောင်းကျော် ရေမြုပ်သဖြင့် ကရင်နီပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံနိုင်
DVB
·
September 21, 2024
လယ်ဧက ၃ သောင်းကျော် ရေမြုပ်သဖြင့် ကရင်နီပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံနိုင်
Donate to DVB

ကရင်နီပြည်နယ်မှာ ရေကြီးလို့ လယ်ဧက ၃ သောင်းကျော်ရေမြုပ်သွားပြီး စားနပ်ရိက္ခာအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က DVB ကို ပြောပါတယ်။

ကရင်နီပြည်ရဲ့ အဓိက ဆန်စပါးစိုက်ပျိုးတဲ့နေရာတွေဖြစ်တဲ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲဘက်မှာ လယ်တွေရေမြုပ်တာဖြစ်ပြီး ရေပြန်ကျသွားရင်တောင် လယ်ကွက်တွေပြန်ဖော်ဖို့ အချိန်ယူရမယ်လို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။

“နံပတ် ၁ အချက် တခါမှ ဒီလောက်ထိမမြုပ်ဖူးဘူး။ နံပတ် ၂ အချက် အဓိက စိုက်ဧက ရှိတဲ့ နေရာလည်းဖြစ်တယ်။ နံပတ် ၃ အချက်က ကျနော်တို့ လယ်တွေက အနည်းဆုံး ပြန်ဖော်လို့ ရရင်တောင် ဒီဇင်ဘာလမှရေကကျနိုင်မှာ။ ရေစီးတဲ့နှုန်းက ရေမြုပ်တဲ့နှုန်းနဲ့ အင်းလေးကနေ ထပ်စီးလာမယ့်နှုန်းနဲ့ ကြည့်မယ်ဆိုရင် သေချာတာကတော့ မိုးစပါးတော့ထပ်စိုက်လို့မရတော့ဘူး။ ပြီးသွားပြီ။ အဓိက အားကိုးရတဲ့မိုးစပါးရယ်၊ အဓိက အားကိုးရတဲ့နေရာတွေ အားလုံးက ရေမြုပ်သွားတဲ့အတွက် စားနပ်ရိက္ခာဖူလုံမှုက လုံးဝကိုထိခိုက်သွားနိုင်တယ်” လို့ ပြောပါတယ်။ 

နွေစပါးစိုက်မယ်ဆိုရင်လည်း ဘယ်လိုဖြစ်မယ်ဆိုတာ မသေချာသေးဘဲ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဆည်တွေက ရေမရဘူးဆိုရင်လည်း အခက်အခဲကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်က လယ်ဧက သောင်းကျော်ကို လက်လွှတ်လိုက်ရပြီး ရေဘေးနဲ့ စစ်ဘေးသင့်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေလိုနေတယ်လို့ ဆိုပါတယ်။

ကိုဗညားက “အခုတော့ လက်ကျန်တွေကို ကျနော်တို့ ချိန်ဆနေတယ်ပေါ့နော်။ အရင်ကလည်း ဝယ်ထားတဲ့စပါးတွေ နည်းနည်းပါးပါးရှိတယ်။ ဒါပေမယ့် ဒီဟာကို စစ်ဘေးရှောင် ၁ သိန်းခွဲကို ပုံမှန် ထောက်ပံ့နေရတဲ့ အနေအထားမှာရှိတော့ ပြောလို့မရသေးတာက ဘယ်နှစ်လကျရင် ရိက္ခာပြတ်မယ် ဆိုတာပေါ့။ နောက် တခြားတဘက်မှာလည်း တခြားဒေသကနေ ဘယ်လောက်ထိ ဝယ်လို့ရမယ်ဆိုတာ ကျနော်တို့ ပြောလို့မရသေးဘူးပေါ့နော်။ စစ်ရေးနဲ့လည်း ဆိုင်တယ်။ နောက်တခုက ပိုက်ဆံပေါ့။ ကျပ်ငွေတန်ဖိုးကျမှုကလည်း ဘယ်မှာပဲဝယ်ဝယ် အကုန်လုံး စျေးကြီးတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ကျနော်တို့ကိုယ်တိုင် ငွေကြေးရှာတဲ့နေရာမှာ အကန့်အသတ်တွေရှိတယ်။ နိုင်ငံတကာ ကူညီမှုပုံစံကလည်း အကန့်အသတ်နဲ့ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ရေပြန်မကျသေးဘဲ မိုးဗြဲရေကာတာကနေ ရေလွှတ်တာ၊ ဘီလူးချောင်း ရေလျှံတာတွေကြောင့် လွိုင်ကော်မြို့ထဲအထိ ရေမြုပ်နေပြီး ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းပေးနေရသေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ကျေးလက်မြေအဖွဲ့ရဲ့တာဝန်ခံ ကိုဇော်မင်းထိုက်က “ဒီမှာက လှိုင်းကြီးတယ်။ အကိုတို့ သွားလှူရင်းနဲ့ စက်လှေကိုလှိုင်းပုတ်တာကိုပဲ ၃ ခါလောက်ခံလိုက်ရတယ်။ ကံကောင်းလို့ မမှောက်တာပေါ့။ အဲဒီ အနေအထားက ချောမွေ့မနေဘူး၊ ကြမ်းကြမ်းတမ်းတမ်း ထဲကပဲဖြစ်နေတယ်။ ဒီ ကရင်နီ‌ဘေးက အနည်းဆုံး အကို့ရဲ့ ခန့်မှန်းချက်ပေါ့နော်။ သူက လနဲ့ချီပြီးကြာမှာ။ သူ့ဟာက နေပူနေတာတောင် ရေကတိုးနေတယ်။ ဥပမာ တခြားနေရာတွေ မုန်းတိုင်ရှိမှရေကြီးတာကိုး။ အခု ကရင်နီကမှာက နေပူနေတာတောင် အရင်နေ့က ကားဝင်လို့ရတဲ့နေရာက ရေကျော်လာပြီးတော့ ဒီဘက်ကို တော်တော်ရောက်လာပြီ” လို့ ပြောပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်က တချို့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေစနေပေမယ့် ရေဘေးနဲ့စစ်ဘေးသင့်တဲ့ပြည်သူတွေကတော့ ရေကြီးမှုကြောင့် ရာသီတုပ်ကွေး ဖြစ်လာနေကြပြီ လို့လည်း သူက ဆိုပါတယ်။

စားနပ်ရိက္ခာအပြင် ကလေးတွေနဲ့အမျိုးသမီးတွေအတွက် အသုံးဆောင်ပစ္စည်းတွေလည်း  လိုအပ်နေတယ်လို့ IEC က DVB ကို ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး((UNOCHA)ကတော့ မြန်မာနိုင်ငံမှာ ရေဘေးသင့်သူ ၆ သိန်းကျော်ရှိနိုင်တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013