DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ရေဘေးကူညီပေးရေးထက် ဆုံးရှုံးနယ်မြေ ပြန်ရရေးသာ အာရုံစိုက်နေ
DVB
·
September 16, 2024
စစ်ကောင်စီက ရေဘေးကူညီပေးရေးထက် ဆုံးရှုံးနယ်မြေ ပြန်ရရေးသာ အာရုံစိုက်နေ
Donate to DVB

မြန်မာတနိုင်ငံလုံး ရေကြီးနေချိန် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီ တပ်သားတွေကို များများစားစား မတွေ့ရသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း အကူအညီတွေ မပေးနိုင်ဘူးလို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြည်သူတွေကို ရေဘေးကယ်ဆယ်ပေးဖို့ထက် ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်ရယူဖို့အတွက်ပဲ အာရုံထားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံတဲ့ ပြဿနာကို ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ နေထိုင်တဲ့ ပြည်သူတွေ ကြုံတွေ့ခဲ့ရတာပါ။

စက်တင်ဘာ ၁၁ ရက်၊ ၁၂ ရက်နေ့တွေမှာ အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်ခဲ့ရပြီး ဒေသခံတွေရဲ့ အတည်ပြုချက်အရ လက်ရှိအချိန်အထိ သေဆုံးပြည်သူ ခန့်မှန်းခြေ ၃၀၀ ကျော် ရှိခဲ့ပါတယ်။

မြေပြင်ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ထိခိုက်၊ သေဆုံး၊ ဆုံးရှုံးတဲ့ အရေအတွက် အတိအကျကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

နိုင်ငံတဝန်း စစ်ကောင်စီရဲ့အုပ်ချုပ်ရေး အပါအဝင် အထွေထွေယန္တရားတွေ ပျက်စီးနေပြီ ဖြစ်လို့ ရေကြီးချိန်မှာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို မတွေ့ရသလို ရေပြန်ကျချိန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း ထိရောက်တဲ့ အကူအညီတွေပေးတာ မတွေ့ရဘူးလို့ မြေပြင်ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ပရဟိတသမားတယောက်က “သဘာဝဘေးအန္တရာယ်ဖြစ်ရင် လူမှုရေးအသင်းအဖွဲ့တွေ အမြဲတမ်း လက်တွဲနေတာတော့ ဒေသရဲ့ မီးသတ်တပ်ဖွဲ့ပေါ့။ ဒေသမီးသတ်တပ်ဖွဲ့ကလည်း တကယ့်တကယ်ကြတော့ မြို့မှာရှိတဲ့ ဒုက္ခသည်နဲ့ သူတို့အင်အားနဲ့ မမျှဘူး။ အဲဒီတပ်ဖွဲ့တွေနဲ့ပဲ ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်ဗျ။ ကျန်တာတွေကတော့ တကယ်ကို အခက်အခဲတွေ ဖြစ်နေတယ်။ ကစဉ့်ကလျား ဖြစ်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးနဲ့လည်း အာဏာပိုင်အဖွဲ့အစည်း တွေနဲ့လည်း ကျနော်တို့ ထိတွေ့မှုနည်းတယ်။ ကျနော်တို့လည်း ကျနော်တို့လုပ်စရာရှိတာ လုပ်တယ်၊ သူတို့လည်း သူတို့လုပ်စရာရှိတာ လုပ်တယ်။ ရေပြန်ကျသွားတဲ့ အချိန်ကျမှ တချို့နေရာမှာ အုပ်ချုပ်ရေးက ဘယ်မြို့နယ်ကလာတဲ့အသင်းလဲ၊ ဘာလဲ အဲဒီလို မေးမြန်းစုံစမ်းတာလောက်ပဲ ရှိတယ်။ တချို့အာဏာပိုင် အဖွဲ့အစည်းတွေဆိုရင် ရေတက်နေတဲ့ ၁ ရက် ၂ ရက်မှာ ကျနော်တို့ ဒီက ဒေသခံ ပရဟိတအသင်းတွေ လာကယ်မှန်းတောင် သူတို့ မသိလိုက်ဘူးဗျ။ ဆိုရှယ်မီဒီယာကြည့်မှပဲ သူတို့သိမှာပါ” လို့ ပြောပါတယ်။

ရေတက်ချိန်မှာ စစ်ကောင်စီက ကြိုတင်အသိမပေးဘဲ ဆည်ရေဖောက်ချလို့ ပိုဆိုးတဲ့ အခြေအနေကို ပြည်သူတွေ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ခေါင်းဆောင်ကတော့ စက်တင်ဘာ ၁၃ ရက်မှာ နေပြည်တော်မှာ ကွင်းဆင်းကြည့်ခဲ့ပြီး ရေကြီးတာကြုံနေရတဲ့ အိမ်နီးချင်းနိုင်ငံတွေလို နိုင်ငံတကာ အထောက်အပံ့ရ‌အောင် ချိတ်ဆက်ဖို့နဲ့ ပြည်သူတွေကို ထောက်ဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ စစ်ခေါင်းဆောင်ဟာ ပုဂံက ဘုရားတွေကို ထိန်းသိမ်းရေးအတွက် ထပ်မံကွင်းဆင်းခဲ့ပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “အရင်နှစ်တွေကတည်းက တချို့နေရာတွေမှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တာမျိုးပေါ့ဗျာ။ ရေကြီးတာမျိုးတွေ ဖြစ်တယ်ဆိုရင် သူတို့ စစ်တပ်လော်ဘီချန်နယ်တွေက အမြဲတမ်း အဲဒီဟာကို Point Out လုပ်လေ့ရှိတယ်ပေါ့ဗျာ။ တွေ့လားပေါ့၊ မင်းတို့ စစ်တပ်မရှိတော့ ဘယ်သူက မင်းတို့ကို ကယ်မလဲ ဆိုတာမျိုးပေါ့ဗျာ။ စစ်တပ်က သူက တမင်ကို အမြင်ကပ်ကပ်နဲ့ပေါ့ဗျာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့ကို ပုန်ကန်တဲ့ကောင်တွေပေါ့ဗျာနော်။ ငါတို့ကို မကြိုက်တဲ့ကောင်တွေ ခံကြဆိုတဲ့ဟာမျိုးနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ထပ်ပြီး သူတို့ လူထုအပေါ်ကို ရာဇဝတ်မှု ထပ်လုပ်နေတယ်လို့ ကျနော်တော့ ဒီလိုပဲနားလည်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတဝန်း ရေကြီးရေလျှံတဲ့ ပြဿနာနဲ့ ကြုံနေရချိန်မှာ စစ်ကောင်စီက လားရှိုး၊ နောင်ချိုနဲ့ ဖားကန့်နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို လူသားစာနာအကူအညီတွေ ပေးဖို့ထက် စစ်ရေးအသာစီး ပြန်ရနိုင်ဖို့ကိုသာ စစ်ခေါင်းဆောင်ဟာ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က “လုပ်မိလုပ်ရာ လုပ်တာပေါ့နော်၊ တော်တော်သရုပ်ပျက်တာ၊ သူကတော့ အသက်ကယ်ဆေးလေးနဲ့ အသက်ရှင်နေရတာ။ ဒါကြောင့်မို့ ဘာကိုမှ သူမစွမ်းတော့ဘူး။ သိမ်းပိုက်ခံထားရတဲ့ တိုင်းရင်းသားတွေလက်ထဲ ကျသွားတဲ့ နယ်မြေတွေလည်း သူရဖို့ မရှိတော့ဘူး။ ဗမာပြည်မကြီးက လူတွေကလည်းပဲ အမြဲတမ်း နိုးကြားနေပြီးတော့ ရုန်းထနေကြတာ။ အဲဒီတော့ သူကတော့ အချိန်ပိုင်းပဲရှိတော့တယ်။ ဒီလိုပဲ လေ့လာတွေ့ရှိရပါတယ်။ ရေဘေးနဲ့ပတ်သက်လို့ဖြစ်စေ ဘယ်ကိစ္စမဆို သူကတော့ စွမ်းရည်မရှိတော့ဘူးလို့ ဒီလိုတော့ တွေ့ရှိရပါတယ်။ သူက ဆက်ပြီးတော့ အသက်ရှင်ပြီးတော့ ရာသက်ပန်အုပ်ချုပ်ဖို့ စိတ်ကရှိနေသေးတော့ အဲဒါကတော့ သူ ဘယ်တော့မှ လျှော့မှာမဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေကလည်းပဲ အမြစ်ပြုတ်အောင် တိုက်ဖို့ပဲ ရှိတော့တယ်။ အဲဒီဟာမှတပါး ရွေးစရာမရှိဘူး။ မင်းအောင်လှိုင်ကတော့ အချိန်ပိုင်းပဲကျန်တော့တယ်၊ ဝမ်ယိထိုးပေးထားတဲ့ အသက်ကယ်ဆေးပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

ရေဘေးနဲ့ပတ်သက်ပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၅၆ ခုမှာ သေဆုံးသူ ၁၁၃ ယောက်နဲ့ ပျောက်ဆုံး ၆၄ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်တွေ့ မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထက် ပိုများပြားတဲ့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ပြည်သူတွေဟာ ပြည်တွင်းပြည်ပက ထိရောက်တဲ့ အကူအညီတွေကို မရသေးပါဘူး။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ လူသားစာနာအကူအညီ တချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီပေးနေပေမဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တာနဲ့ ဘဏ္ဍာရေး မလုံလောက်တာတွေကြောင့် လိုအပ်ချက်ကို ပြည့်မီအောင် အကူအညီပေးနိုင်ဖို့ ခက်ခဲနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013