DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ ခန့် ရှိလာ
DVB
·
September 16, 2024
လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ ခန့် ရှိလာ
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်‌ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၁,၇၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

ဒါဟာ ပျမ်းမျှအားဖြင့် အွန်လိုင်း အသုံးပြုသူ ၅၄ ဦးလောက် လစဉ်ဖမ်းဆီးခံနေရကာ ပြီးခဲ့တဲ့ ဇူလိုင်တလတည်းမှာတင် နိုင်ငံတဝန်း မြို့နယ် ၂၄ မြို့နယ်က ဖမ်းဆီးခံရသူ ၃၃ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွင်းမှာတင် ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၂၀၂ ဦးရှိခဲ့ပြီး  ၃ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်‌ဝေဖန်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၅ ဦးရှိခဲ့တာမို့ ခုနောက်ပိုင်းမှာတော့ ၂၀၂၂ ခုနှစ်နဲ့ယှဉ်ရင် လအလိုက်ဖမ်းဆီးခံရတဲ့ အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ လျော့ကျလာတာကို တွေ့ရတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲက အများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေက ဖြစ်ကြပြီး Facebook ပေါ်မှာ ပြောဆိုရေးသားမှုတွေကြောင့် အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ခံအကြောင်းအရင်းအနေနဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထု လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ လူမှုကွန်ရက်နဲ့ အင်တာနက်ပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ အမျိုးမျိုး ကြိုးစားလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အင်တာနက် ဖြတ်တောက်တာ၊ Facebook လို လူသုံးများတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို အသုံးပြုလို့မရအောင် ပိတ်ပင်တာတွေလည်း ပါဝင်နေပါတယ်။

ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Access Now က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်မှုတွေခံနေရတဲ့ မြန်မာနိုင်ငံ အင်တာနက် ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကတော့ NUG၊ CRPH အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) ၊ ပုဒ်မ - ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ - ၃၃ (က) အပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ နေ့စဉ်ထုတ် သတင်းစာတွေမှာ အကြိမ်ကြိမ် ထုတ်ပြန်နေပါတယ်။

Access Now ရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အဓိကတွေ့ရှိချက်တွေမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း အင်တာနက် ၃၇ ကြိမ် ပိတ်သိမ်းတာကို မှတ်တမ်းတင်နိုင်ခဲ့ပေမဲ့ ပိတ်ဆို့ခံရတဲ့ အကြိမ်အရေအတွက်မှာ လွန်စွာမြင့်မားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အင်တာနက်ပိတ်ဆို့မှု အကျယ်အဝန်းမှာတော့ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၃ ခုဟာ အင်တာနက်ဖြတ်တောက်မှုတွေ ကြုံတွေ့နေရပြီး မြို့နယ် ၈၀ ကျော်ကတော့ နှစ်ကုန်ပိုင်းအထိ အင်တာနက်ပိတ်ဆို့မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013