DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ဆွေးနွေးမှု မအောင်မြင်သဖြင့် လမ်းသစ်တခုဖော်မည်ဟု NCA အပစ်ရပ် ၇ ဖွဲ့ ပြော
DVB
·
September 13, 2024
စစ်ကောင်စီနှင့် ဆွေးနွေးမှု မအောင်မြင်သဖြင့် လမ်းသစ်တခုဖော်မည်ဟု NCA အပစ်ရပ် ၇ ဖွဲ့ ပြော
Donate to DVB

NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ မအောင်မြင်တာကြောင့် လမ်းသစ်တခုကို စတင်ဖော်ဆောင်ဖို့ ကြိုးစားနေပြီလို့ အဲဒီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က DVB ကို ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)   လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ဝင်တွေ စက်တင်ဘာ ၁၀ ရက်ကနေ ၁၁ ရက် အထိ အွန်လိုင်းကနေကျင်းပခဲ့တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၇ ဖွဲ့အနေနဲ့ NCA စာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးအရအဖြေရှာဖို့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးရေးဆိုတဲ့ မူပေါ်ကနေ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့တာကြောင့် လမ်းသစ်တခုကို ထပ်မံဖော်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလို့  ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန် ရေးလက်နက်ကိုင် ၇ ဖွဲ့က အသစ်ဖော်ဆောင်မယ့်လုပ်ငန်းစဉ်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်ရော တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ အားလုံးအပါအဝင် နိုင်ငံရေးပါတီအားလုံးနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တဲ့အခါမှာ ကြိုတင်သတ်မှတ်မှုတွေမထားဘဲ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေကနေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင်အရင်ကတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က သဘောတူထားတဲ့ ဖက်ဒရယ်အခြေခံမူပေါ်ကနေ ဆွေးနွေးကြဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီးတိုင်း အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပူးတွဲအုပ်ချုပ်ရေး ဆောင်ရွက်နိုင်ဖို့ အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေးတွေ ဆွေးနွေးကြဖို့ ဖြစ်တယ်လို့ NCA အပစ်ရပ် ၇ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့အစည်းအဝေးမှာ သက်ဆိုင်ရာအစုအဖွဲ့အလိုက် ရှေ့ဆက်လုပ်ဆောင်ကြမယ့် လုပ်ငန်းစဉ် တွေ တင်ပြဆွေးနွေးခဲ့ကြတာလို့  ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး အဲဒီအထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တွေက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘဲ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

ကျန်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊  ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့ ၇ ကတော့ မဟာမိတ်ဖွဲ့ကာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013