DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားနိုင်ငံသားအယောက် ၂၀ ခန့် မြန်မာ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ပိတ်မိနေ
DVB
·
September 10, 2024
အင်ဒိုနီးရှားနိုင်ငံသားအယောက် ၂၀ ခန့် မြန်မာ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ပိတ်မိနေ
Donate to DVB

မြန်မာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား အနည်းဆုံးအယောက် ၂၀ နီးပါးလောက် ပိတ်မိနေတယ်လို့  Benar News သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ လုပ်ခလမစာမပေးပဲ ဖိအားပေး ခိုင်းစေခံရတာ၊ ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက်ခံရတာ၊ လျှပ်စစ်ရှော့တိုက်ခံရတာမျိုးတွေ ကြုံတွေ့နေရပြီး အင်ဒိုနီးရှားအစိုးရ အနေနဲ့ နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စက်တင်ဘာ ၉ ရက် မနေ့က ပြောလိုက်တာပါ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်း ပြီးတော့ မြန်မာ-ထိုင်းနယ်စပ်၊ ဖလူးဒေသထဲမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေက အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်ပရောက် အင်ဒိုနီးရှားနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဒါရိုက်တာ ဂျူဒါနုဂရာဟက “သံရုံးအနေနဲ့လည်း မြဝတီမှာရှိတဲ့ ကွန်ရက်တွေနဲ့ အလွတ်သဘော ဆက်သွယ်မှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ကနဦးသတင်းတွေအရတော့ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၂၀ ထက်မနည်း အဆိုပါ ဒေသတွင်း ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

ပျံ့နှံ့လာတဲ့ ရုပ်သံဗီဒီယိုဖိုင်တခုထဲမှာတော့ အင်ဒိုနီးရှားအမျိုးသားတွေနဲ့ အမျိုးသမီး အုပ်စုတစုကို နှစ်ထပ်ခုတင်တခုပေါ်မှာ တိုးကြိတ်ရှိနေခဲ့ကြတာကို ပြသခဲ့ပြီး သူတို့ထဲက တဦးက သူတို့ကို လစာကောင်းတဲ့ အလုပ်တွေပေးမယ်ဆိုကာ ထိုင်းနိုင်ငံဆီ ဖြားယောင်းခံခဲ့ရပြီးနောက်မှာ အဓမ္မလုပ်အားပေး ခိုင်းစေခံရတာနဲ့  အဆုံးသတ်သွားခဲ့တယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

“ငါတို့ကို မြန်မာနိုင်ငံထဲက ဒီနေရာမှာ ချုပ်ထားတယ်။ ငါတို့ကို လစာမပေးဘဲ ချုပ်နှောင်ထားပြီး တနေ့ကို ၁၅ နာရီ အလုပ်ခိုင်းတယ်။ သတ်မှတ်ပစ်မှတ်တွေ မပြည့်မီရင် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပြီး လျှပ်စစ်ရှော့တိုက်ခံရမယ်” လို့ Benar News က မြင်တွေ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲက အမျိုးသားက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာ ကိန်းဂဏန်းတွေအရ အရှေ့တောင်အာရှတလွှားက ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာ လည်ပတ်တဲ့ ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာဂိုဏ်းတွေမှာ အဓမ္မလုပ်အားခိုင်း စေခံရပြီး ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ကာ နိုင်ငံသား ၃,၇၀၀ ကျော်ထက်မနည်း ငွေလိမ်မှုဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုနှစ်အထိ မြန်မာနိုင်ငံထဲ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ဦးရှိပြီး ၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၆၃ ဦးကတော့ အကူအညီကို စောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းပဋိပက္ခတွေက ရာဇ၀တ်မှုမြောက်စေတဲ့ နယ်မြေတွေကို ဖန်တီးပေးခဲ့သလို ဒါတွေကို တရုတ်ရာဇ၀တ်ဂိုဏ်းတွေက လုပ်ဆောင်ကြလေ့ရှိပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ချက်တွေအရ အဆိုပါ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေထဲ အနည်းဆုံး လူ ၁၂၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြကြောင်း ခန့်မှန်းထားပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာ၊ အွန်လိုင်းလိမ်လည်မှုတွေအကြောင်း အသိပညာ နည်းပါးတာနဲ့ အင်ဒိုနီးရှားမှာ အစိုးရ ကြီးကြပ်မှု အားနည်းတာတွေကြောင့်လည်း အဆိုပါ လိမ်လည်မှုတွမှာ လွယ်လွယ်ကူကူ ခံကြရတာလို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေကြောင်း သိရပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားပါတယ်။

Source: Benar News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013