DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံပြီး သွားလာရေးခက်ခဲ
DVB
·
September 10, 2024
ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံပြီး သွားလာရေးခက်ခဲ
1 / 3
Donate to DVB

ရှမ်းပြည်နယ် UWSA ဝ တပ်ဖွဲ့ ထိန်းချုပ်ဒေသ အပါအဝင် သံလွင်အရှေ့ခြမ်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး နေအိမ်အမြောက်အမြား ရေလွှမ်းမိုးတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ ဖြစ်ပေါ်နေပါတယ်။

UWSA ဝ တပ်ဖွဲ့ ထိန်းချုပ်ဒေသ မိုင်းပေါက်မြို့နဲ့ ပန်ဆန်းမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် လူနေအိမ်ခြေရပ်ကွက်ထဲ ရေလွှမ်းနေသလို ကားတွေလည်း ရေထဲမျောပါနေတာကို ဒေသတွင်း လူမှုကွန်ရက် သတင်းတွေမှာ ဖော်ပြပါတယ်။

မိုင်းပေါက်မြို့ပေါ်မှာ ရေတွေက ၃ ပေကျော် မြင့်တက်နေပြီး ဝ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးတွေနဲ့ ရေထဲပိတ်မိနေသူတွေကို ကယ်တင်နေကြပါတယ်။

မိုင်းပေါက်ရောက် ရွှေ့ပြောင်းလုပ်သားတယောက်က “မနေ့ (စက်တင်ဘာ ၉ ရက်) မနက် ၈ နာရီလောက်ကစပြီး မိုးသည်းထန်လာတာပါ။ တရုတ်ပြည်ဘက်ကစီးလာတဲ့ မြို့ရှောင်လမ်းက ချောင်းရေတွေ လျှံကျလာတယ်။ တောင်ကျချောင်းရေတွေပါ ပါလို့ မနက် ၁၁ နာရီလောက်မှာ ရေတွေစကြီးတယ်၊ ညနေပိုင်းလောက် ရေတဖြည်းဖြည်း ပြန်ကျသွားပြီ။ ဒီကနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်မှာတော့ မိုးလည်းမရွာတော့ဘူး၊ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီ။ ရေကြီးတာ လူတွေထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။

မိုင်းပေါက်နဲ့ ပန်ဆန်းသွား ကားလမ်းတနေရာမှာတော့ တောင်ကျချောင်းရေတွေ လမ်းမပေါ် လျှံတက်လာလို့ သက်ဆိုင်ရာက ဘက်ဟိုးကားနဲ့ ရေစီးရေလာကောင်းမွန်အောင် မြေတူး မြောင်းဖော်နေတာ တွေ့ရပါတယ်။

ရှမ်းအရှေ့ NDAA-ESS ထိန်းချုပ်နယ်မြေ မိုင်းလားမြို့ပေါ်မှာလည်း ရေကြီးရေလျှံကာ ကားလေးတွေနဲ့ ဆိုင်ကယ်တွေ သွားလာလို့မရဘူးလို့ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ကျိုင်းတုံမြို့ မြို့တော်ခန်းမရှေ့၊ အထက-၅ ကျောင်းတဝိုက်၊ လွိုင်မွေသွားလမ်းနဲ့ ကျိုင်းတုံ-တာချီလိတ် လမ်းအပိုင်းမှာ ဒီနေ့ ရေကြီးနေတယ်လို့ ကျိုင်းတုံဟစ်တိုင် သတင်းအရ သိရပါတယ်။

တာချီလိတ်မှာလည်း မနေ့ စက်တင်ဘာ ၉ ရက်ကတည်းက လူနေအိမ်ခြေရပ်ကွက်တွေထဲ ရေဝင်နေပါတယ်။ ဒီနေ့မနက်အစောပိုင်း မယ်ဆိုင်ချောင်းရေ တက်လာပြီး စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ၅၀၈ စင်တီမီတာကို ရောက်နေပြီလို့ ဦးလှမိုး တာချီလိတ် နာရေးကူညီမှုအသင်းမှာ ဖော်ပြပါတယ်။

တာချီလိတ်ဟာ မယ်ဆိုင်ချောင်းဘေးမှာ တည်ရှိတဲ့အတွက် ချောင်း‌‌ရေတက်တိုင်း ဆန်ဆိုင်း၊ တာလော့၊ မကာဟိုခမ်း၊ မဲခေါင် စတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံနေကျဖြစ်ပြီး ဒီနှစ်ထဲ ရေကြီးတဲ့ဒဏ်ခံရတာ ၈ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့မှာလည်း နမ့်တိန်းချောင်းရေ လျှံကျတာကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၅၊ နားလုံ၊ ပန်ကတ်၊ ဝမ်ကျောင်း စတဲ့ရပ်ကွက်တွေထဲ ရေဝင်နေပါတယ်။ နားလုံရပ်ကွက်ထဲမှာ စစ်ရှောင်စခန်း ဖွင့်ထားတာကြောင့် ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်လာသူတွေဟာ မိုင်းကိုင်မှာ ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတယ်လို့ မိုင်းကိုင်‌ဒေသခံက ပြောပါတယ်။

မနေ့က တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ  အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိတယ်၊ အဲဒီလေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ထားပါတယ်။ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ နေပြည်တော်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့တိုင်းဒေသကြီးတွေနဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်နဲ့ ကယားပြည်နယ်တို့မှာ  နေရာကွက်ပြီး မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013