DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့ပေါ်က စစ်တပ်ဂိတ်ကိုတိုက်ခိုက်ပြီး ဌာနဆိုင်ရာရုံး၊ ကြံ့ခိုင်ရေးရုံးကို မီးရှို့ဖျက်ဆီး
DVB
·
September 8, 2024
မြိုင်မြို့ပေါ်က စစ်တပ်ဂိတ်ကိုတိုက်ခိုက်ပြီး ဌာနဆိုင်ရာရုံး၊ ကြံ့ခိုင်ရေးရုံးကို မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ ကြံ့ခိုင်ရေးရုံးတွေကိုလည်း စက်တင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပကဖ ဆီကနေ သိရပါတယ်။

မြိုင် ပကဖ ရဲ့ စစ်ရေးတာဝန်ခံတယောက်က “ကျနော်တို့ မြိုင်အရှေ့ဘက်ပခုက္ကူလမ်းပိုင်းပေါ်က စစ်ကောင်စီဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ချိန်ကတော့ ၁ နာရီနီးပါးကြာ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ သူတို့စစ်သားတွေနေတဲ့ ဘန်ကာကိုလည်း အနီးကပ် ပစ်ခတ်နိုင်ခဲ့ကြပါတယ်။ သူတို့ဘက်က အသေအပျောက်ကိုတော့ စုံစမ်းနေဆဲပါဗျ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က လက်နက်ကြီးအင်အား နည်းပါးတဲ့အတွက် ဂိတ်စခန်းရဲ့ ဘန်ကာကို ဖြိုဖျက်နိုင်ခြင်းမရှိဘဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြပြီး မြိုင်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ ကြံ့ခိုင်ရေးရုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင် ပကဖ ရဲ့ တာဝန်ခံတယောက်က “မြိုင်မြို့ပေါ်ကဆိုရင် စည်ပင်ရုံးနဲ့ ဥပဒေရုံးတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲဒီရုံးတွေမှာ ဝန်ထမ်းတွေမရှိကြတာကြာပြီ။ စစ်ကောင်စီတပ်ရဲ့ လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီရုံးကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မြိုင်မြို့ကို အခုစက်တင်ဘာလဆန်းလောက်ကစပြီး ဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ နဲ့အတူ 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force၊ မုံရွာခရိုင် တပ်ရင်း ၂၇ တပ်ခွဲ ၃ (သိန်းငှက်)၊ တပ်ရင်း ၁၆ တပ်ခွဲ ၃၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာအဖွဲ့၊ God of Myaing၊ Anya Myayguerilla Force Myaing၊ Corba People Deffence force၊ ကိုမုဆိုးအဖွဲ့၊ PKU Underground Force၊ တမာမြေပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဓားမင်းကြီးအဖွဲ့၊ ဂဠုန်တပ်ရင်း ၁ တပ်ခွဲ ၂၊ မြိုင်မြို့နယ် Drone အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မြိုင် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြိုင်မြို့ပေါ်က မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ စီးပွားရေးဘဏ်၊ ကိုးဆောင်ဘုန်းကြီးကျောင်းနဲ့ အခုဝင်ပစ်တဲ့ မြို့အဝင်ဂိတ်တွေအပြင် မြိုင်မြို့နယ်ထဲက စက်မှု ၂ အပါအဝင် ပျူစောထီးကျေးရွာတွေဖြစ်ကြတဲ့ သရက်ကန်၊ ကန်နီ၊ သရက်ကွနဲ့ တွင်းမရွာတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲနေတာတွေ ရှိနေသေးတယ်” လို့ ပြောပါတယ်။

အဲဒီနေရာတွေမှာတပ်စွဲနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းအထိ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စီးနင်းဝင်ရောက်ပြီး ပစ္စည်းလုယူတာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မြိုင်မြို့နယ်အတွင်းက စစ်ရေးအရ အရေးပါတဲ့ ကိုင်းတောမနယ်မြေရဲစခန်းနဲ့ ၀က်ပုတ်ကျေးရွာစစ်ကောင်စီတပ်စခန်းတို့ကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး တခြားစစ်ကောင်စီတပ်စခန်း အများစုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013