DVB Logo
Home
မြန်မာသတင်း
သံတွဲတောင်ဘက် ရေတပ်စခန်းကို AA သိမ်းပိုက်
DVB
·
September 7, 2024
သံတွဲတောင်ဘက် ရေတပ်စခန်းကို AA သိမ်းပိုက်
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတခုဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်း (Central Naval Diving And Salvage Depot - CNDSD) နဲ့ ပတ်ဝန်းကျင်က အဆင့်ဆင့်ခုခံကြတဲ့ စစ်ကြောင်းတွေကို သိမ်းယူနိုင်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄၀၀ ကျော်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သံတွဲမြို့ရဲ့ တောင်ဘက်က မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာကြားမှာရှိတဲ့ အဲဒီ ရေတပ်စခန်းကို ဩဂုတ် ၇ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁ လနီးပါးအကြာ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်းနဲ့ ပတ်ဝန်းကျင်ကနေ လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားနဲ့ ခုခံခဲ့တာဖြစ်ပါတယ်။

စခန်းပတ်ဝန်းကျင်မှာ စစ်ကောင်စီအင်အား ၁၂၀၀ ဝန်းကျင်ရှိပြီး စစ်ရှုံးလို့နေရာစုံကနေ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တခြားနေရာတွေကနေ အင်အားဖြည့်ထားတဲ့ စစ်ကူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၄၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီကတော့ ဒဏ်ရာရ၊ ကျဆုံးသူတွေကို စစ်သင်္ဘောတွေနဲ့ သယ်ဆောင်ပြီး စစ်တွေနဲ့ ဧရာဝတီတိုင်းဘက်ကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အရပ်သားတွေရဲ့ နေအိမ်တွေ ထိခိုက်တာနဲ့ ဒဏ်ရာရ သေဆုံးတဲ့အကြောင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားဘဲ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်း၊ စစ်တွေပွိုင့်ရေတပ်စခန်းတို့က ပေါက်တောမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရပ်ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ပဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေလို့ ဒေသခံပြည်သူတွေရဲ့ အခြေအနေကိုတော့ စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013