DVB Logo
Home
မြန်မာသတင်း
မီတာခ ၂ ဆတိုးမြှင့်လိုက်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူလူထု ပိုမိုခံစားရမည် 
DVB
·
September 5, 2024
မီတာခ ၂ ဆတိုးမြှင့်လိုက်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူလူထု ပိုမိုခံစားရမည် 
Donate to DVB

စစ်ကောင်စီက လျှပ်စစ်မီတာခတွေ ၂ ဆနီးပါးတိုးကောက်တာကြောင့် ကုန်ကျစရိတ် တက်သွားတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေပဲ ခံစားရလိမ့်မယ်လို့  အိမ်ရှင်မတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေက ပြောပါတယ်။

လျှပ်စစ်ဓာတ်အားလိုင်းတွေ အဆင်မြှင့်တင်ပြီး တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ဖို့ ထုတ်လုပ်မှု စရိတ်တွေမြင့်မားလာတဲ့အတွက် ဓာတ်အားနှုန်းခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး  ပြင်ဆင်ကောက်ခံမှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

စက်တင်ဘာ ၁ ရက်မှာပဲ လျှပ်စစ်မီးအပြည့်ပေးပြီး နောက်ရက်တွေကစလို့ ပုံမှန်အတိုင်း အလှည့်ကျမီးပေးစနစ်ပြန်ဖြစ်သွားလို့ အနိုင်ကျင့်သလို ခံစားရတယ်လို့ ရန်ကုန်မြို့နေပြည်သူ တယောက်က  ပြောပါတယ်။

“၂၄ နာရီ မီးပေးမယ်။ ပြီးရင် မီတာခတွေ တိုးကောက်မယ်။ အဲဒီလိုပြောပြီးတော့ တကယ့်တကယ်ကျ ၁ ရက်နေ့မှာ မီးတော့ ၂၄ နာရီ လာလိုက်တယ်၊။ နောက်နေ့ကျတော့ ခါတိုင်းလို ပုံမှန်ပဲ။ မီတာခကို မဖြစ်မနေ ပေးရမယ်ဆို စားတာသောက်တာကို လျှော့ရတော့မယ်။ ဒီထက်ပိုဆိုးဦးမယ်။ ဒီထက်ပိုဆိုးတဲ့အရာတွေကို အများကြီး ရင်ဆိုင်ရဦးမှာ။ အခုချိန်မှာ လူထုက အရမ်းကို ခက်ခဲနေတဲ့အချိန်လေ စားဝတ်နေရေးဘာညာနဲ့ အကုန်ပေါ့။ အဲဒီလို ခက်ခဲနေတဲ့အချိန်မှာ မီတာခပါ တိုးကောက်ဦးမယ်။ မီးလည်း အချိန်မှန်မပေးဘဲနဲ့ မီတာခတွေ တက်သွားတယ်ဆိုတာ ပြည်သူတွေကို အနိုင်ကျင့်လို့ရလို့ အနိုင်ကျင့်တယ်လို့ပဲ ထင်တယ်။”

အိမ်သုံး အမျိုးအစားအတွက် မီတာခနှုန်းထားအသစ်တွေကတော့ ဓာတ်အား ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ  ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၃၀၀ ကျပ် တိုးမြှင့် ကောက်ခံသွားမှာဖြစ်ပါတယ်၊

ဒီနှုန်းထားတွေက အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇူလိုင် ကြေညာချက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆနီးပါးလောက် တက်လာတာဖြစ်ပါတယ်။

အိမ်ထောင်ရှင်မတယောက်ကလည်း ကုန်ကျစရိတ်တွေ ကြီးမြင့်လာချိန်မှာ မီတာခ နှစ်ဆနီးပါး ပေးဆောင်ရမှာ ဖြစ်လို့ မီးလာချိန်မှာတောင် မသုံးဖြစ်ဘူးလို့ပြောပါတယ်။

“မီးက ပုံမှန်တောက်လျှောက်ပေးမယ်၊ မီတာခ နှစ်ဆတက်မယ်၊ အဲဒီလိုကြားတယ်။ မီးလာတိုင်း လာတယ်ဆိုပြီး စွတ်ပြီးတော့ သုံးဖို့ကတော့ စိတ်ကူးတောင်မရှိဘူး။ ကုန်ဈေးနှုန်းတွေ ဒီလောက်တက် ရှိသမျှဟာတွေ အကုန်တက်နေတော့ မီတာခပါဈေးတက်မှာဆိုတော့ မီးလာတာ ပျော်ရမယ့်ဟာကို မပျော်နိုင်ဘဲ မီးကို ချွေတာပြီး ပြန်သုံးနေရတယ်။ အခုဆိုရင် မီးလာလည်း မပျော်ရဘူး၊ သုံးဖို့ကို လက်တွန့်နေရတယ်။”

စက်မှုလုပ်ငန်းသုံးမီတာခတွေကတော့ ၂ ဆကျော်လောက် မြင့်တက်သွားတာဖြစ်လို့ ကုန်ကျစရိတ်တွေ တိုးမြင့်လာပြီး နောက်ဆုံး ကုန်ချောစားသုံးသူပြည်သူတွေကပဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထပ်မံခံစားရနိုင်တယ်လို့ အသေးစားစက်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အိမ်တွင်းစက်မှုလုပ်ငန်းကလည်း ပါဝါမီတာရှိမှလေ၊ ပါဝါမီတာဆိုတာ လုပ်ငန်းသုံးမီတာကို ပြောတာ။ အဲတာရှိမှ လုပ်လို့ရတာ၊ အဲဒီမီတာခတွေကလည်း ၂ ဆလောက်တက်မယ်ဆိုတော့ နဂိုကလည်း အိမ်တွင်းစက်မှုလုပ်ငန်းလုပ်ရတာ အဆင်ပြေလှတယ်မဟုတ်ဘူး။ ခေတ်ကာလကလည်း မကောင်း၊ စီးပွားရေးကလည်းမကောင်း အဲဒီလိုအခြေအနေမှာ ကိုယ့်အလုပ်သမားတွေအဆင်ပြေအောင် မနည်းရပ်တည်နေရတဲ့အနေအထားပေါ့။ အသေးစားလုပ်ငန်းမှ မဟုတ်ဘူး၊ အကြီးစားတွေလည်းထိခိုက်မှာပဲ။ ကျနော်တို့နိုင်ငံမှမဟုတ်ဘူး ဘယ်နိုင်ငံမဆို သွယ်ဝိုက်ခွန်ဆိုတာရှိတယ်။ နောက်ဆုံး စားသုံးသူကပဲ ပေးရတာကိုး၊ ပြည်သူက စားသုံးသူဆိုတဲ့အခါကျတော့ ပြည်သူပဲ ထပ်ပြီး ထိခိုက်မယ်ထင်တယ်။”

လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံမယ့် လျှပ်စစ်မီတာခက ၁ ယူနစ်ကနေ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ယူနစ် ၂၀၀၀၀ အထိကို ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နဲ့အထက်က ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDM လျှပ်စစ်ဝန်ထမ်းတယောက်ကတော့ အိမ်သုံးမီတာပြင်ဆင်သတ်မှတ်ခက ယူနစ် ၁၀၀ အောက်ဆိုရင် မီတာခ လက်ရှိထက်ပိုကုန်ကျမှာ မဟုတ်ဘဲ ယူနစ် ၄၅၀ အသုံးပြုရင်တော့ ၂ ဆ နီးပါးကျသင့်မှာဖြစ်ပြီး ယူနစ် ၅၀၀ နဲ့ ၆၀၀ ကျော်သုံးစွဲရင်တော့ လက်ရှိကုန်ကျစရိတ်ထက် ၂ ဆကျော် ကျသင့်မယ်လို့ တွက်ချက်ပြပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013