DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားတွင် AI နည်းပညာသုံး သတင်းတင်ဆက်သူများဖြင့် သတင်းကြေညာ
DVB
·
September 3, 2024
ဗင်နီဇွဲလားတွင် AI နည်းပညာသုံး သတင်းတင်ဆက်သူများဖြင့် သတင်းကြေညာ
Donate to DVB

ဗင်နီဇွဲလားရဲ့ အသစ်စက်စက် သတင်းကြေညာသူတွေထဲက တယောက်ဟာ ဖလန်နယ်ရှပ်အင်္ကျီဝတ်ရင်း ခွေးခြေခုံပေါ်မှာ ထိုင်နေပြီး နေ့စဥ်သတင်းတွေကို တင်ဆက်နေပါတယ်။

ဗင်နီဇွဲလား ဘန်းစကားနဲ့ “သူငယ်ချင်း” လို့ အဓိပ္ပာယ်ရတဲ့ အယ်လ်ပါနာ နာမည်နဲ့ သတင်းတင်ဆက်သူဟာ လူအစစ်မဟုတ်ဘဲ ဉာဏ်ရည်တု နည်းပညာနဲ့ ဖန်တီးထားသူသာ ဖြစ်ပါတယ်။

အယ်လ်ပါနာနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မိန်းကလေးလို့ အဓိပ္ပာယ်ရတဲ့ လာချာမာ တို့ဟာ ရုပ်ထွက်နဲ့ အသံတို့ လက်တွေ့ကျကျ လှုပ်ရှားနေပေမဲ့ ဉာဏ်ရည်တုကိုသုံးပြီး သူတို့ရဲ့ပုံရိပ်ကို ထုတ်လုပ်ထားတာပါ။

ဒါရိုက်တာ ကားလော့စ် ဟွယ်တက်စ် ဦးဆောင်တဲ့ ကိုလံဘီယာအခြေစိုက် အဖွဲ့အစည်း ကွန်နက်တက်စ်က “Operation Retweet” လို့ နာမည်ပေးထားတဲ့ ပဏာမအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဗင်နီဇွဲလားနိုင်ငံထဲက လွတ်လပ်တဲ့မီဒီယာ တဒါဇင်ကနေ သတင်းထုတ်ဝေဖို့၊ အစိုးရက ဖြိုခွင်းရာမှာ သတင်းထောက်တွေကို အကာအကွယ်ပေးဖို့ လုပ်ငန်းစဉ်အတွက် သူတို့ကို ဖန်တီးခဲ့တာပါ။

သတင်းထောက်တွေနဲ့ ဆန္ဒပြသူတွေအပေါ် ဇွန်လလယ်ကတည်းက နှိမ်နင်းနေပြီး သတင်းထောက် ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီးပါပြီ။

သူတို့ထဲက ၈ ယောက်က အကြမ်းဖက်မှု အပါအဝင် အမှုတွေနဲ့ အကျဉ်းချခံနေရဆဲလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။

“ဒီမှာ ဉာဏ်ရည်တုကိုသုံးတာက နည်းပညာနဲ့ သတင်းစာပညာကြား ရောထွေးနေသလိုပါပဲ” လို့ ဟွယ်တက်စ်က ပြောပါတယ်။

ဒီစီမံကိန်းဟာ အစိုးရဆီက ဖိနှိပ်မှုတွေနဲ့ တိုးမြင့်လာနေတဲ့ ဖိနှိပ်မှုတွေကို ရှောင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

မကြာသေးမီက ဆန္ဒပြသူတွေ၊ အတိုက်အခံပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ တခါတရံမှာ ပြင်းထန်ပြီး လချီကြာတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုကို ငြိမ်သက်သွားအောင်လုပ်ဖို့ အစိုးရရဲ့ ဖြိုခွင်းမှု တစိတ်တပိုင်း ဖြစ်တယ်လို့ အတိုက်အခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

AI သတင်းစာပညာ ပဏာမခြေလှမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပေမဲ့ မတုံ့ပြန်ပါဘူး။

မကြာသေးမီ သီတင်းပတ်တွေအတွင်း သတင်းထောက်တွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မှတ်ချက်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တာကိုလည်း တရားဝင် မတုံ့ပြန်ခဲ့ပါဘူး။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013