DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက လျှပ်စစ်မီတာခ ၂ ဆတိုးမြှင့်ကောက်ခံသဖြင့် ပြည်သူများ ပိုမိုကျပ်တည်းနိုင်
DVB
·
September 3, 2024
စစ်ကောင်စီက လျှပ်စစ်မီတာခ ၂ ဆတိုးမြှင့်ကောက်ခံသဖြင့် ပြည်သူများ ပိုမိုကျပ်တည်းနိုင်
Donate to DVB

စစ်ကောင်စီက  မီတာခ ၂ ဆတိုးမြှင့် ကောက်ခံတာကြောင့် ပြည်သူတွေ အဘက်ဘက်ကနေ ပိုပြီး ကျပ်တည်းလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

တနိုင်ငံလုံးကို လျှပ်စစ်မီးမှန်အောင် မပေးနိုင်ပေမဲ့လည်း စစ်ကောင်စီက စက်တင်ဘာ ၁ ရက်ကစပြီး မီတာခတွေကို ၂ ဆတိုးမြှင့် ကောက်ခံသွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်အရ အိမ်သုံးမီတာခက အရင်နှုန်းထားထက် တဆကျော် မြင့်တက်လာပြီး လုပ်ငန်းသုံးမီတာခက အရင်ထက် ၃ ဆနီးပါး မြင့်တက်လာတာပါ။

မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူတယောက်က “အငြိုးတွေပေါ့၊ အငြိုးတွေ။ သူတို့သိတယ်လေ၊ သူတို့ ပြည်သူကို လုံးဝငြိုးနေတာ။ အခုက၊ သိတယ်မလား၊ သူတို့ မနိုင်ခဲ့တာတွေ၊ သူတို့ကို တော်လှန်နေတာတွေ၊ သူတို့ကို ဆန့်ကျင်နေတာတွေအတွက် အငြိုးတွေ။ အဲ့တော့ လူရှေ့သူရှေ့မှာသာ ကြားကောင်းအောင်၊ ပြည်သူဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ၊ တကယ်တမ်းက ဒီလူတွေကြောင့် သူတို့ ဒီလိုဖြစ်တယ်ဆိုတာ သိတဲ့အတွက် ဒီလူတွေကို ကိုယ့်အမြင်ပေါ့နော်၊ ပုဂ္ဂလိက အမြင်ကတော့ အငြိုးနဲ့ကို လုပ်နေတာ။ အကုန်လုံး ခက်ခဲအောင် အငြိုးတရားနဲ့ကို ပြည်သူတွေကို လုပ်နေတယ်လို့ မြင်တယ်။ သူတို့အာဏာသိမ်းတာကို လက်မခံတာတွေ၊ မျိုးစုံပေါ့၊ သူဦးဆောင်တာကို လက်မခံတာတွေ၊ ဒီလောက် တောင်ဖြစ်တာ ချစမ်းကွာဆိုပြီးတော့ ပြည်သူပေါ်မှာ လုံးဝ စာနာညှာတာမှု ကင်းစွာနဲ့ကို လုပ်နေတာလို့ မြင်တယ်။ လုံးဝ စာနာညှာတာမှု လုံးဝမရှိတော့ဘူး။ အဲတော့ ဘာကို အဓိကရည်ရွယ်လဲဆိုတော့ သူတို့အတွက် အာဏာတည်မြဲရေးပဲ၊ အဲဒါကိုပဲ အဓိကတည်ပြီး လုပ်တယ်”လို့ ပြောပါတယ်။

စားသုံးကုန်ကအစ လူသုံးကုန်၊ ဆေးဝါးနဲ့ အထွေထွေကုန်ပစ္စည်းတွေက ပြည်ပကို အများအပြား မှီခိုနေရပြီး အခုလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ နိုင်ငံခြားသုံးငွေ အကျပ်အတည်းတွေကြားမှာ ငွေကြေးဖောင်းပွတဲ့ဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံနေကြရတာ ဖြစ်ပါတယ်။

ဒီလို အကျပ်အတည်းတွေ ရှိပေမဲ့လည်း ပြည်သူအပေါ်မှာ ငဲ့ညှာထောက်ထားတာမရှိဘဲ စစ်ကောင်စီကတော့ အထွေအထူး ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“ဒါကတော့ အောက်ခြေလူတန်းစားတွေကတော့ ထုံးစံအတိုင်း ပူညံ ပူညံ ပြောမှာပဲ။ အကုန်လုံးကတော့ ကျပ်တည်းနေတယ် ဆိုတော့လေ။ ဒီလိုပဲ အသံထွက်ပြီးတော့ ပြီးသွားတာပဲ။ မပြေတာကတော့ အောက်ခြေလူတန်းစားတွေကတော့ အခုလောလောဆယ်ကတော့ သိတဲ့တိုင်းပဲ။ အဘက်ဘက်က ကျပ်တည်းနေတာဆိုတော့  ရှေ့မှာလည်း သာဓကတွေ အများကြီးရှိတာပဲ။ ဘယ်ပစ္စည်းမဆို ကုန်ဈေးနှုန်းက တနေ့တခြား တက်နေတာပဲ။ ဒါပဲ ဒီဟာပဲ လှည့်ပတ်ပြီးတော့ ကြုံသလိုပဲ ရေတိုစီမံကိန်းနဲ့ ဆင်းရဲသားတွေက ရှင်းနေရတာ။ အဆင်ပြေသလား မပြေဘူးလား ဆိုတာကတော့ မပြေဘူးလေ။ ရှေ့တက်လာရင်းလည်း ပူညံ ပူညံအသံပဲ ကြားနေရမှာပဲ။ ထွေထွေထူးထူးတော့ ပြောင်းလဲမှာတော့ မဟုတ်ဘူး။”

မီတာခတွေ ဈေးတက်လာရင် ပြည်တွင်းထုတ်ကုန်လုပ်ငန်း အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး မီတာခ တိုးမြှင့်ပေးဆောင်ရတဲ့အတွက် အဲဒီအဖိုးအခက စားသုံးသူတွေအပေါ်မှာ သက်ရောက်လာမှာဖြစ်တယ်လို့ မန္တလေးမြို့က ဆီစက်ပိုင်ရှင်တယောက်က သုံးသပ်ပါတယ်။

“အခြေအနေက ဒီလိုဗျ။ အရင်က မီတာကြေး ၁၂၅ တုန်းက ကုန်ကြမ်းပိဿာ ၁၀၀ ဆိုရင် ကျနော်တို့က သုံးသောင်းနဲ့ လေးသောင်း တွက်တယ်ဗျာ။ တပိဿာကို ၃၀၀ နဲ့ ၄၀၀ တွက်တယ်ပေါ့ဗျာ။ မီတာနဲ့ လည်မယ်ဆိုရင်တော့ ၅၀၀ နဲ့ ၆၀၀ ဖြစ်မှာပေါ့။ တပိဿာ အရင်က ၁၂၅ နဲ့ တွက်တယ်ဆိုရင်။ ကုန်ကြမ်းစရိတ်တွေကို အကုန်လုံးတွက်လိုက်တာ စက်ပြင်ဆင်စရိတ်တွေရော၊ ဘာတွေရော တွက်လို့ရှိရင် ၃၀၀ နဲ့ ၄၀၀ ကြားရှိတယ်။ အခုက မီတာယူနစ်က ၁၂၅ ကနေ ၂၅၀ တက်သွားမယ်ဆိုရင် ၅၀၀ နဲ့ ၆၀၀ ကို သွားမှာပဲ။ Cost တွေတက်ရင် ဘယ်သူ့ပေါ် သွားကျမလဲဆိုရင် စားသုံးသူပေါ်ကိုပဲ ကျသွားမှာပဲ။”

တနိုင်ငံလုံး လျှပ်စစ်မီးရရှိမှုက ကုန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းသာ ရရှိသေးပေမဲ့ လက်ရှိအချိန်မှာလည်း လျှပ်စစ်မီးရရှိမှုက တိုးတက်မလာတဲ့အပြင် တချို့ဒေသတွေမှာ လုံးဝပြတ်တောက်တဲ့အထိ ဖြစ်နေပါတယ်။

လျှပ်စစ်မီး အပြည့်အဝ မရရှိသလို ပုံမှန်ရရှိတာလည်း မရှိတဲ့အပြင် လုပ်အားခတွေလည်း တိုးတက်မလာဘဲ မီတာခ တိုးကောက်တာက စားဖို့အတွက်လောက်ပဲ ရုန်းကန်နေကြရတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတခုသာ ဖြစ်လာစေပါတယ်။

“အလုပ်အကိုင်တွေကတော့ ပုံမှန်တော့ မဖြစ်ဘူးလေ။ ခက်ခဲတာပေါ့နော်။ ကုန်ဈေးနှုန်းကတက်တော့ စားဖို့သောက်ဖို့ ခက်တော့ အမတို့ချုပ်တဲ့သူတွေဆီက အရမ်းကြီးတော့ မချုပ်ရဘူး။ ပုံမှန်တော့မရှိဘူး။ အရင်တုန်းကလို မဟုတ်ဘူးလေ။ ဈေးတွေကတက်တော့ စားဖို့သောက်ဖို့ကိုပဲ ရုန်းကန်နေရတယ်။ အဝတ်အစားဆိုတာတော့ ရှိတာနဲ့ အဆင်ပြေအောင် ဝတ်ကြရတာပေါ့။ လူငယ်တွေလောက်ပဲ ချုပ်ကြတယ်။ လူကြီးပိုင်းတွေက ရယ်ဒီမိတ်တွေပဲ ချုပ်ကြတာများတယ်။ ချုပ်ခနဲ့ ပိတ်စနဲ့ဆိုရင် မတတ်နိုင်ကြတာ များတယ်။”

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ထုတ်လုပ်နိုင်တာ မရှိပေမဲ့ ဓာတ်အားထုတ်လုပ်မှု စရိတ်တွေ မြင့်တက်လာတဲ့အတွက် ဈေးတိုးတောင်းရတာလို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအနေနဲ့ နေပြည်တော်နယ်မြေတခုပဲ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး ရန်ကုန်အပါအဝင် ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာတော့ လျှပ်စစ်မီး လုံလောက်စွာ မရရှိသလို စစ်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသတွေမှာ လျှပ်စစ်မီးလုံးဝမရရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013