
ဘရာဇီးနိုင်ငံ ကမ်းရိုးတန်းမြို့ ဟယ်စီးဖှီးမှာ သြဂုတ် ၃၀ ရက်က ဘုရားကျောင်း ခေါင်မိုးပြိုကျမှု ကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ မြို့တော်ခန်းမနဲ့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
ပြိုကျပြီးနောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက လူ ၁၇ ဦးလောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းနဲ့ ကျန်သူတွေကတော့ ဒဏ်ရာအနည်းငယ်လောက်သာ ရရှိခဲ့ကြ ကြောင်း ပါနမ်ဘူကိုပြည်နယ်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး ပရစ်ဆီလာ ကရောက်စ် က ပြောကြားပါတယ်။
အလောင်းတွေကို ဖယ်ရှားနေပြီး နောက်ထပ် သေဆုံးသူ ထပ်ရှိ မရှိ စစ်ဆေးဖို့ မီးသတ်ဌာနက ခွေးတွေနဲ့ နောက်ဆုံး စစ်ဆေးနေပြီး တဦးတယောက်မှ ထပ်မရှိဘူး လို့ ယုံကြည်ကြောင်း၊ ထပ် မရှိဖို့လည်း မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အပျက်အစီးတွေထဲကို ရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။ ခေါင်မိုးပြိုကျချိန်မှာ ဘုရားကျောင်းမှာ အစားအသောက်တွေ ဝေငှနေတာ ဖြစ်လို့ ပိတ်မိနေသူတွေကို ဖယ်ရှားရာမှာ လူအများအပြားက ကူညီပေးခဲ့ကြောင်းနဲ့ ဘုရားကျောင်းမှာ လူ ဘယ်လောက် ရှိတယ်ဆိုတာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
Source-Reuters