DVB Logo
Home
ဆောင်းပါး
အင်ဒိုနီးရှား၏ မြန်မာ့အရေးအစီအစဉ်သစ် အလုပ်ဖြစ်နိုင်မလား
DVB
·
August 29, 2024
အင်ဒိုနီးရှား၏ မြန်မာ့အရေးအစီအစဉ်သစ် အလုပ်ဖြစ်နိုင်မလား
Donate to DVB

မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းစေရေး ကြိုးပမ်းရာမှာ အထူးသဖြင့် တရုတ်လို ပြင်ပ အင်အားကြီးနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခြင်းအားဖြင့် သံတမန်ရေးဆိုင်ရာ ချဉ်းကပ်ပုံ နည်းလမ်းသစ်ကို ဖော်ဆောင်သွားဖို့  အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့နှစ်က တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကို တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

မြန်မာနယ်စပ်တလျှောက် ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခတွေကို အကြောင်းပြချက်တရပ်အနေနဲ့ အသုံးချပြီး အင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနိုင်မယ့် သံတမန်ရေး နည်းလမ်းသစ်ကို ပြောင်းလဲကျင့်သုံးသွားဖို့ တောင်းဆိုခဲ့ကြတာပါ။

ဂျိုကိုဝီလို့ လူသိများတဲ့ သမ္မတ ဝီဒိုဒိုကလည်း မြန်မာပြည်သူသန်းပေါင်းများစွာရဲ့ ကောင်းကျိုးချမ်းသာရရေးကို မျှော်ရည်တဲ့ အစီအစဉ်သစ်နဲ့ပတ်သက်ပြီး နားလည် သဘောပေါက်စေဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ချက်ချင်း လုပ်ဆောင်သွားဖို့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကို ညွှန်ကြားခဲ့ပုံရပါတယ်။

မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပြဿနာအတွက် အမှန်တကယ်သာ အဖြေရှာနိုင်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဲဒီအခွင့်အရေးကို ရယူသွားဖို့ တွန့်ဆုတ်မနေသင့်ဘူးလို့ ဆိုပါတယ်။  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အာဆီယံဟာ ဒေသတွင်းလုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးဟာ အာဆီယံဒေသသာမက အာဆီယံပြင်ပအထိပါ ရိုက်ခတ်လာခဲ့တာကြောင့် အာဆီယံ တဖွဲ့တည်းနဲ့ပဲ ဖြေရှင်းလို့မရတဲ့ အနေအထား ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာ မြန်မာပြည်သူတွေအတွက် နှစ်ရှည်လများကြာ ဆင်းရဲဒုက္ခတွေ ဖြစ်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ နက်နဲလာမှု၊ ပြည်သူတွေရဲ့ အဆောက်အအုံတွေ ဖျက်ဆီးနေမှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်လာမှုတို့နဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေက ပြစ်တင် ပြောကြားခဲ့ပါတယ်။

နောက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို မြန်မာစစ်ကောင်စီဘက်က မလိုက်နာမချင်း အာဆီယံရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့်မပြုဘဲ ဆက်လက်ချန်လပ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနည်းဗျူဟာဟာလည်း ထိရောက်မှု မရှိတဲ့အတွက် အာဆီယံအနေနဲ့ တခြားနည်းလမ်းတွေ ရှာဖွေသွားဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်းမှာ မြန်မာ့အရေး ဖြေရှင်းရေးနဲ့ပတ်သက်လို့ တိုးတက်မှုတစုံတရာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပေမဲ့ သက်တမ်းကာလရဲ့ နောက်ဆုံး လက်ကျန်လတွေ အရောက်မှာတော့ သမ္မတ ဝီဒိုဒိုဟာ ကစားပွဲကို ပြောင်းလဲနိုင်ခဲ့ပါတယ်။   

ဝီဒိုဒိုဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။ ပေကျင်းရဲ့ စေ့စပ်ညှိနှိုင်းမှုတွေဟာ ထင်သလောက် မရိုးစင်းလှပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ တက်တက် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကတော့ အခိုင်အမာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့လတွေအတွင်း ပိုမိုပြင်းထန်တဲ့ ခုခံတွန်းလှန်စစ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပျံ့နှံ့လာတဲ့ ဗီဒီယိုရုပ်ပုံတွေအရ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို  တော်လှန်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားတယ်ဆိုတာ အထင်အရှား မြင်နေရပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ဒုစရိုက်လောကသားတွေ ကျက်စားရာ တရုတ်-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေနဲ့ပတ်သက်ပြီး ပေကျင်းအစိုးရရဲ့ သတိပေးချက်တွေကို စစ်ကောင်စီက မျက်ကွယ်ပြုနေတာကိုလည်း တရုတ်က ဘဝင်မကျ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ ရှောင်ရှားနိုင်ဖို့အတွက် ထိုင်းနိုင်ငံသားတွေ အပါအဝင် ပြည်ပနိုင်ငံသား အတော်များများကို မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်နိုင်ငံဘက်ကို ဖြတ်သန်းပြီး ဘေးလွတ်ရာသို့ နေရာရွှေ့ပြောင်းပေးခဲ့တဲ့ အကြောင်းနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်လက်ချိတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက ဩဂုတ် ၂၆ ရက်က ပြောကြားခဲ့ပါတယ်။

အာဆီယံကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်လက်ပြင်းထန်လာမှာနဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ တာရှည်နေမှာကို စိုးရိမ်နေပါတယ်။ အခွင့်အလမ်းက ဘယ်လောက်ပဲ နည်းပါးနေပါစေ၊ အင်ဒိုနီးရှားနဲ့ အာဆီယံတို့အနေနဲ့ မြန်မာအကျပ်အတည်း အဆုံးသတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။

တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ စိုးရိမ်ပူပန်မှုဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အဖြေရှာရေးဆွေးနွေးပွဲတွေ လမ်းပွင့်လာနိုင်တဲ့ အခြေခံအကြောင်းတရား ဖြစ်လာနိုင်တယ်လို့ The Jakarta Post သတင်းစာ အယ်ဒီတာအာဘော်မှာ ဩဂုတ် ၂၈ ရက်က ရေးသားဖော်ပြထားပါတယ်။  

Ref: The Jakarta Post 

RI’s new Myanmar plan

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013