DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်သေဆုံး၊ ချောင်းဦး၌ တိုက်ပွဲ ပြင်းထန်
DVB
·
August 29, 2024
ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်သေဆုံး၊ ချောင်းဦး၌ တိုက်ပွဲ ပြင်းထန်
1 / 2
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ထဲက ပဲခူးရိုးမပေါ်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ရင်းမှူး တဦး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို သြဂုတ် ၂၇ ရက် ညနေ ၄ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဘက်က တောင်တန်းမြိုင်ကျေးရွာနားကနေ  စောင့်ကြိုတိုက်ခိုက်ခဲ့ တာပါ။ စကစဘက်က တပ်ရင်းမှူးအပါ ၂၀ ကျော်လောက်ကျသွားတယ်။ လက်နက်ကောက်မလို့ လုပ်ချိန် သူတို့ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လာလို့ ကျနော်တို့ဘက်က တပ် ခွဲမှူး တဦးလည်း ဒဏ်ရာရသွားတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာပြီး ထန်းပင်ချောင်ရွာရှိ စကစတပ်ဖွဲ့က  လက်နက်ကြီး ပစ်ကူပေးတဲ့အပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  တော်လှန်ရေး ပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။  

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၆ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့ နဲ့ မိုးညိုမြို့နယ်နဲ့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနီး သွားလာနေထိုင်မှု လုံးဝ မလုပ် ကြဖို့ကိုလည်း တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အထူးအသိပေးချက် ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ဆင်တလင်းအုပ်စု၊ အုပ်ဖိုစုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာကို ဩဂုတ် ၂၇ ရက် ည ၈ နာရီလောက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၈ ရက်မှာတော့ စစ်ကောင်စီက လေကြောင်းကနေ စစ်ကူပါ ပေးနေတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့နယ်မှာ ပျူအင်အား ကောင်းတဲ့ရွာတရွာပဲ။ တိုက်ပွဲကတော့ ညကတည်းက ဖြစ်နေကြတယ်။ ဒီနေ့ မနက်ခင်းပိုင်း ၇ နာရီက ဟောင်ဝစ်ဇာတွေနဲ့ စထုနေတယ်။ ဂျက်ဖိုက်တာနဲ့လည်း ပစ်တယ်။ Y12 နဲ့လည်း ပစ်တယ်။ အခုဆိုရင် ကျနော် လေယာဉ်ပစ်တဲ့ အစီးအရေအတွက် ရေထားတာ ၅ စီးအထိ ရှိနေပြီဗျ။ စစ်တပ်ဘက်ကတော့ အခုလို လေယာဉ်နဲ့ ပစ်ခတ်နေတာ ကြည့်ချင်းအားဖြင့် စစ်ရှုံးနေပြီလို့ တွက်စလို့ရတယ်။” 

အခုတိုက်ပွဲမှာ ပြည်သူကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ဦး စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်းမိပြီး ဒဏ်ရာရရှိထားတယ်လို့လည်း သိရပါတယ်။

မြေပြင်ပြည်သူကာကွယ်ရေး ခေါင်းဆောင် ဆရာပြုံးက “ရွာအတွင်းအထိ ကျနော်တို့အဖွဲ့တွေ ဝင်စီးထားနိုင်ပြီ၊ ဘုရားကုန်း စခန်းတခုပဲ ကျန်တော့တယ်။ မုံရွာ-မန္တလေးလမ်းမှာရှိတဲ့ စွမ်းရည်ထက်ဆီဆိုင်မှာ အထိုင်ချထားတဲ့ စစ်တပ်က ဟောင်ဝစ်ဇာတွေနဲ့ လက်နက်ကြီး ပစ်ကူပေးနေတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲပြီး စစ်ကူပေးနေတယ်။ နောက်ပြီး မုံရွာဇက်ဆိပ်ကနေ ဖလက်သင်္ဘော ၂ စီး၊ အင်အား ၁၅၀ ကျော်နဲ့ စစ်ကူလာနေတယ်ဆိုတဲ့ သတင်းလည်း ရထားတယ်။ ကျနော်တို့ဘက်ကလည်း ဖြတ်တောက်ရေးတွေပါ အကုန်ပြင်ဆင်ထားပါတယ်။ တိုက်ပွဲကတော့ မပြီးသးဘူး” လို့ ပြောပါတယ်။

ကံကြီးကုန်းရွာဟာ ချောင်းဦးမြို့နဲ့ ၉ မိုင်ခန့်ကွာဝေးတဲ့ ကျေးရွာကြီးတရွာဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013