DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက် ဒုသမ္မတလောင်းအဖြစ် တင်မ်ဝေါ့ဇ်ကို တရားဝင် အတည်ပြု 
DVB
·
August 22, 2024
ဒီမိုကရက် ဒုသမ္မတလောင်းအဖြစ် တင်မ်ဝေါ့ဇ်ကို တရားဝင် အတည်ပြု 
Donate to DVB

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့မှာ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်ကို ပါတီကိုယ်စားပြု ဒုသမ္မတလောင်းအဖြစ် တရားဝင်အတည်ပြုခဲ့ကြပါတယ်။

အမေရိကဟာ ကလေးတွေအတွက် မငတ်မွတ်တဲ့နေရာ ဖြစ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ဖို့ အိမ်ရာဆိုတာ လူ့အခွင့်အရေးဖြစ်တယ်လို့ ဝေါ့ဇ်က ပြောပါတယ်။ 

“အစိုးရဟာ ခင်ဗျားတို့ အိပ်ရာထဲကို ဝင်မရှုပ်သင့်ဘူး”လို့လည်း ဝေါ့ဇ်က ပြောကြားခဲ့ပြီး ကိုယ်ဝန်ဖျက်ချခွင့်တို့၊ လိင်တူလက်ထပ်ခွင့်တို့နဲ့ အပေါ် ရီပတ်ဘလစ်ကန်တို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလောက်များပြားတဲ့ လူအုပ်ကြီးကို မိန့်ခွန်းမပြောခဲ့ဖူးပေမဲ့ ကျောင်းဘောလုံးအသင်း နည်းပြအနေနဲ့ အသင်းသားတွေကို အားပေးလှုံ့ဆော်တဲ့ စကားတွေအများကြီး ပြောခဲ့ဖူးတယ်လို့ ဝေါ့ဇ်က မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ 

ပရိသတ်ကလည်း ‘နည်းပြကြီး၊ နည်းပြကြီး’လို့ အော်ဟစ်အားပေးခဲ့ကြပါတယ်။ အသက် ၆၀ ရှိပြီဖြစ်တဲ့ ဝေါ့ဇ်ဟာ ရိုးရိုးရှင်းရှင်းစကားပြောတဲ့ပုံစံနဲ့ မြို့ငယ်လေးတွေက တန်ဖိုးထားမှုတွေအကြောင်း နိုင်ငံလုံးဆိုင်ရာစင်မြင့်တစ်ခုမှာ ချပြခဲ့ပါတယ်။ 

ထရမ့်ပ်သာ အိမ်ဖြူတော်ကို နောက်တကြိမ်ရောက်လာရင် လူချမ်းသာတွေနဲ့ အစွန်းရောက်တွေပဲ အကျိုးရှိမယ်လို့လည်း သတိပေးခဲ့ပါတယ်။ 

ပရိသတ်ထဲမှာ ဝါ့ဇ်ရဲ့သားဖြစ်သူ ဂုစ်က ဖခင် မိန့်ခွန်းပြောကြားအပြီးမှာ စင်မြင့်ကို လက်ညှိုးထိုးပြီး မျက်ရည်တွေနဲ့ ‘ဒါမှ ငါ့အဖေကွ’ ဆိုပြီး ကြွေးကြော်ခဲ့တာကလည်း အများသဘောကျစရာ ဖြစ်ခဲ့ရပါတယ်။ 

တတိယနေ့မှာ နာမည်ကျော် ရုပ်သံစီစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးလည်း အမှတ်မထင် စင်ပေါ်တက် မိန့်ခွန်းပြောခဲ့ပြီး လွတ်လပ်မှုအတွက် ဟားရစ်ကို ထောက်ခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လည်း ညီလာခံ ၁၂ ကြိမ်ဆက်တိုက်အဖြစ် မိန့်ခွန်းပြောခဲ့ပြီး ဟားရစ်ဟာ တမူထူးသူလို့ ချီးကျူးခဲ့သလို ထရမ့်ပ်ဟာ ဝရုန်းသုန်းကား အခြေအနေကို ဖန်တီးသူလို့ ဝေဖန်ခဲ့ပါတယ်။ 

ဘိုင်ဒင် ထွက်ပေးဖို့ ဖိအားပေးခဲ့သူလို့ နာမည်ကြီးတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီလည်း မိန့်ခွန်းပြောခဲ့ပါတယ်။  

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013