DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စစ်မှုထမ်းရန် တမြို့နယ်လျှင် လူ ၂၀ နှုန်းဖြင့် စစ်ကောင်စီက အဓမ္မစုဆောင်းနေ
DVB
·
August 19, 2024
ပဲခူးတိုင်းတွင် စစ်မှုထမ်းရန် တမြို့နယ်လျှင် လူ ၂၀ နှုန်းဖြင့် စစ်ကောင်စီက အဓမ္မစုဆောင်းနေ
Donate to DVB

ပဲခူးတိုင်းထဲက မြို့နယ်တွေမှာ တမြို့နယ်ကို လူ အယောက် ၂၀ နှုန်းနဲ့ စစ်မှုထမ်းဖို့ စစ်ကောင်စီက  အခုရက်ပိုင်းအတွင်း လူစာရင်းနဲ့ အိမ်တွေကို အဓမ္မ လာခေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သဲကုန်းမြို့နယ်ထဲမှာလည်း ညတိုင်း အိမ်တွေအထိ အတင်းဝင်ရောက် ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့က ကျန်းမာရေးမကောင်းတဲ့ လူငယ်တဦးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက အိမ်အထိ လာရောက်ဆွဲခေါ်သွားပြီး နောက်တနေ့မှာ ရဲစခန်းအချုပ်ထဲမှာ သေဆုံးခဲ့ပါတယ်။

သဲကုန်းဒေသခံတဦးက “၁၇ ရက်နေ့ညက အိမ်ကိုလာဆွဲပြီး နဂိုကတည်းက ဝက်ရူးပြန်ရောဂါ ရှိတယ်။ ပြန်လွှတ်ပေးပါ ဆိုတာကို လွှတ်မပေးဘူး။ လွှတ်မပေးတော့ ပြောဆိုမရတော့ ပြန်လာကြတာပေါ့။ ပြန်လာတော့ ကလေးကို ထားခဲ့တယ်။ ကလေးက အဲဒီမှာ ကြောက်ပြီး ဒီကောင်တွေကလည်း ခြောက်တာလှန့်တာတွေ လုပ်မှာပေါ့၊ အဲဒီမှာ ဝက်ရူးတက်ပြီး သေသွားတာ။ သေသွား‌တော့ ညနေလည်းကျရော အလောင်းကို လာထုတ်ပါတဲ့ ဆိုပြီး အကြောင်းကြားတယ်။ အလောင်းကို သွားထုတ်တော့ ဒီရဲစခန်းမှာ သေတယ်လို့ မပြောရဘူး၊ အိမ်ကျမှ သေတယ်လို့ ပြောရမယ်တဲ့ ဆိုပြီး ခြိမ်းခြောက်ပြီးမှ အလောင်းကို သယ်ခဲ့ရတယ်တဲ့” လို့ ပြောပါတယ်။

ပေါင်းတည်မြို့မှာတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက် တရက်တည်း လူ ၅၀ လောက်  စစ်မှုထမ်းဖို့ အဆွဲခံရပြီး ကျပ် သိန်း ၃၀ ပေးနိုင်တဲ့သူ တချို့တော့ ပြန်လွတ်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့ခံတဦးက “၁၆ ရက်နေ့ကပဲ ပျူတွေ၊ စစ်သားတွေ စုပြီး အိမ်တွေကို အတင်းလိုက်ဆွဲတာ၊ စစ်မှုထမ်းဖို့ဆိုပြီး၊ တချို့ရပ်ကွက်တွေဆို အုပ်ချုပ်ရေးမှူးတောင် မပါဘူး။ အဲဒီတရက်တည်းကို အယောက် ၅၀ လောက် ပါသွားတယ်။ လာဖမ်းတဲ့ ကလေးတွေကော သူတို့အဖေတွေကိုကော ထွေအုပ်ရုံးကို ခေါ်သွားပြီး စစ်မှုမထမ်းချင်ရင် သိန်း ၃၀ ပေးပြီး တချို့ လွတ်ပေးတယ်။ အုတ်ဖို ၂ ရပ်ကွက်က တယောက်၊ ကျိုပင်အုပ်စုက တယောက်ဆိုရင် စစ်မှုထမ်းခေါ်သွားတာ အခု ရှမ်းပြည်ဘက်မှာ ကျသွားတယ်။ အဲဒါကလည်း စစ်တပ်က အကြောင်းကြားတာ မဟုတ်ဘူး။ ပါသွားတဲ့ သူတို့အချင်းချင်းကတဆင့် လှမ်းပြောလို့ သိရတာ။ လျော်ကြေးတွေ ဘာတွေလဲ အခုထိ မရဘူး။ အခုလည်း အဓမ္မတွေ ဖမ်းနေတော့ မြို့မှာ လူငယ်တွေ မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။

တမြို့နယ်ကို လူ ၂၀ ဖမ်းပေးရမှာဖြစ်ပြီး အုတ်ဖိုမြို့နယ်နဲ့ အိုးသည်ကုန်းမြို့တွေမှာလည်း မနေ့က အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း အဆွဲခံရသလို သမီးရည်းစား ချိန်းတွေ့နေကြတဲ့ စုံတွဲတတွဲလည်း အဖမ်းခံထားရပါတယ်။

ဒေသခံ PDF တပ်ဖွဲ့ဝင်တဦးက “မနေ့က ၃ နာရီလောက်မှာ အုတ်ဖိုမြို့နယ် မြို့မ ၂ လမ်း ညောင်ပင်ဆိပ်ရပ်ကွက်မှာနေတဲ့ ကိုဖိုးသဲရယ်၊ ကိုကျော်ဇေယျာထွန်းရယ်၊ အောင်မိသားစု အိမ်ဆောက်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တဲ့ကောင်လေးရယ် ပါသွားတယ်။ လာတာက စစ်‌ (-) တွေနဲ့ ပျူစောထီးတွေတဲ့၊ ပျူတွေက တုတ်တွေ ဓားတွေနဲ့ တက်ဆွဲတာ၊ ပိုက်ဆံနဲ့လိုက်တာ မရဘူးတဲ့။ ကိုဖိုးသဲက ၁၇ နှစ်ပဲ ရှိသေးတာ၊ အဲဒီကောင်လေးလည်း မလွတ်ဘူး။ အိုးသည်ကုန်မှာလည်း တခါဖမ်းတယ်။ ၂ ယောက်ကတော့ ပြန်လွတ်တယ်။ ပိုက်ဆံ ၁၅ သိန်းစီ ပေးရတယ်။ နောက်ထပ် ကောင်မလေးနဲ့ ကောင်လေးတယောက် သူတို့က ကန်ဘောင်မှာ ချိန်းတွေ့တာ။ အဲဒါကိုလည်း ဖမ်းသွားတယ်။ သူတို့ ပြန်လွတ်လား မသိရသေးဘူး။ တမြို့နယ်ကို လူ ၂၀ ပေးရမယ်တဲ့၊ တနေ့ကို လူ ၂၀ ဖမ်းပေးရမယ်တဲ့” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်ထဲက တာပွန်မြို့မှာလည်း နာမည်စာရင်းပါတဲ့သူတွေကို ညဘက် လူတွေ အိပ်ချိန်တွေမှာ အိမ်ထဲတွေအထိ ဝင်ရောက်ဆွဲခေါ်တာတွေ ပြုလုပ်နေပါတယ်။

ဩဂုတ် ၁၇ ရက်က  ပွဲသာရွာက ၂ ယောက်၊ သာယာကုန်းက ၂ ယောက် ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်မှုထမ်းအပတ်စဉ် ၁ စတင်ဖွင့်လှစ်ကာ ထောင်ချီတဲ့ လူငယ်တွေကို နိုင်ငံတဝန်း ဖမ်းဆီးပြီး လစဉ် တပ်သားသစ်အဖြစ် စစ်အခြေခံ ၃ လ သင်ကြား​ပေးပြီး လက်ရှိ တိုက်ပွဲဖြစ်ပေါ်နေတဲ့ နေရာတွေကို ပို့တာတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် စစ်မှုထမ်းရမယ့် လူငယ်တွေကို သက်တမ်း ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမယ်လို့ ပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်ဖို့ လက်မှတ်ရေးထိုးခိုင်းနေတွေလည်း တွေ့နေရတဲ့အတွက် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013