DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ နမ့်လန်တွင် လက်နက်ကြီးကျပြီး အိမ်တချို့ပျက်စီး
DVB
·
August 17, 2024
နေပြည်တော်တွင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ နမ့်လန်တွင် လက်နက်ကြီးကျပြီး အိမ်တချို့ပျက်စီး
1 / 4
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သား ၃ ယောက် သေဆုံး၊ အများအပြား ဒဏ်ရာရသွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့တွင်းကို သြဂုတ် ၁၆ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျရောက်လို့ အိမ်တချို့ပျက်စီးခဲ့ပါတယ်။

ပျဉ်းမနားမြို့နယ်က ဘိုမအထက်ကျေးရွာနဲ့ ကိုးဒစ်တဲစုကျေးရွာကြားမှာ သြဂုတ် ၁၆ ရက်နေ့၊ မနက် ၇ နာရီခွဲဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ အများအပြားဒဏ်ရာရသွားကြတယ်လို့ ဗိဿနိုးနယ်‌မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃၊ (တောင်တွင်းကြီး- BTO PDF) ဆီကနေ သိရပါတယ်။

BTO PDF တပ်ရင်း ၃ (တောင်တွင်းကြီး) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဆီကို ဖရဲသီးက အချိန်နဲ့တပြေးညီ သတင်းပေးတာကြောင့် သူတို့စစ်ကြောင်းအပြန်လမ်းကနေစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က စစ်သား ၃ ကောင်သေတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ သူတို့ဘက်က သေတဲ့သူတွေရဲ့လက်နက်တွေကို ကျန်တဲ့ကောင်တွေကပြန်ကောက်သွားကြလို့ လက်နက်တွေတော့ မရခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ လောက်ပါတဲ့စစ်ကြောင်းဟာ ဘိုမအထက်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးပြီးအပြန် ကိုးဒစ်တဲစုကျေးရွာမရောက်ခင် ရွာ ၂ ရွာကြားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

BTO PDF တပ်ရင်း ၃ (တောင်တွင်းကြီး) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပူးပေါင်း တပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ BTO PDF တပ်ရင်း ၃ (တောင်တွင်းကြီး) ဟာ အခြားစစ်မျက်နှာတွေမှာရှိတဲ့ မဟာမိတ်တပ်ဖွဲ့နဲ့လည်း ပူးပေါင်း တိုက်ပွဲဝင်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲရဲ့ဦးဆောင်မှုနဲ့ ဗိဿနိုးနယ်‌မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃ (တောင်တွင်းကြီး) အပါအဝင် Mercury Revolution Force (MRF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ပစ်ခတ်မှုကြောင့် မြို့တွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၆ ရက် မနက်ပိုင်းကစလို့ နှစ်ဖက်စစ်ရေးပြင်းထန်ခဲ့ပြီး ညနေ ၃ နာရီခွဲလောက်မှာ မြို့တွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“မနက်ပိုင်းကတည်းက လက်နက်ကြီးတွေနဲ့တအားပစ်နေကြတာ။ ကောင်းလန်းရပ်ကွက်ထဲက အိမ် ၂ လုံးတော့ ပျက်စီးသွားပြီ။ လူတွေတော့ထိခိုက်တာမရှိဘူး။ တချို့လူတွေလည်း မနေရဲတော့လို့ အကုန်ရှောင်သွားကြပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က သီပေါမြို့နယ်၊ နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ ၁၄၇ ကို MNDAA က စတင်တိုက်ခိုက်ခဲ့ရာကနေ နမ့်လန်မြို့နားမှာ တိုက်ပွဲတွေ စတင်ဖြစ်လာတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၀၆ ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာ လဲချားနဲ့ ပင်လုံမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရသလို နမ့်လန်နားက သီပေါမြို့ကို TNLA က ထိန်းချုပ်ထားပြီး ခလရ ၂၃၊ ခမရ ၅၀၃၊ ၅၀၄ တပ်ရင်းတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013