DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်နှင့် ညောင်လေးပင်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံး
DVB
·
August 17, 2024
သံဖြူဇရပ်နှင့် ညောင်လေးပင်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံး
1 / 4
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ဗိုလ်အပါအဝင် ၅ ယောက်သေဆုံးပြီး စစ်တပ်လက်နက်ကြီးကြောင့် ကျောင်းသား ၁ ယောက်လည်း သေဆုံးခဲ့ပြီး ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်လို့ စစ်ကောင်စီတပ်က ၆ ယောက်သေဆုံးခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ပွင့်နဲ့ဗိုလ်တယောက် အပါအဝင် ၅ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောင်းသားတယောက်လည်း သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းနဲ့ ဒေသခံတွေက ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုရားကုန်းနားမှာ အင်အား ၁၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ KNLA ပူးပေါင်းတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

တောင်ညိုစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “အင်အား ၁၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်သားတွေကို သွားပစ်တာ၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ သူတို့ဘက်က ၃ ပွင့်ဗိုလ်တဦးအပါအဝင် ၅ ဦးသေတယ်၊ ၂ ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားပြီးတဲ့အချိန်အတွင်းပဲ လက်နက်ကြီး ၃၇ လုံးဆက်တိုက်ပစ်တာ။ ဒီနေ့လည်း တောက်လျှောက်ပစ်တာ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် အရပ်သားထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထဲက တလုံးဟာ တံခွန်တိုင်နားမှာ ကျောင်းကြိုပြီးပြန်လာတဲ့ ကားပေါ် ကျတာကြောင့် ကျောင်းသား ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဒေသခံ တယောက်က ပြောပါတယ်။

“PDF တွေနဲ့ စစ်တပ်တိုက်ပွဲပြီးတော့ စစ်တပ်ကတောက်လျှောက် လက်နက်ကြီးနဲ့ပစ်တာ။ ထိသွားတာက တံခွန်တိုင်ရွာနားမှာ။ ညနေကျောင်းကြိုပြန်လာတဲ့ ကားပေါ်ကျပြီး ကလေးတဦး သေတယ်။ ၂ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ကျောင်းသားတွေကို သံဖြူဇရပ်ဆေးရုံပို့ထားတယ်။ ကျ‌န်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သံဖြူဇရပ်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းတလျှောက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်လို့ စစ်ကောင်စီတပ်က ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Fire Dragon PDF ဆီက သိရပါတယ်။

သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အရှေ့ပိုင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

၁ နာရီကျော်ကြာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံး၊ ၁၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ Fire Dragon PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီနေ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း စစ်ဒေသနဲ့အတူ Fire Dragon PDF ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုဇွန်မြောင်းကျေးရွာမှာ အိမ်ခြေ ၁,၆၀၀ ဝန်းကျင်နဲ့ လူဦးရေ ၇,၀၀၀ နီးပါးနေထိုင်တဲ့ စံပြရွာဖြစ်ခဲ့ပေမယ့်လည်း အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ ရွာမီးရှို့မှုတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၃ ရက်မှာလည်း ညောင်လေးပင်မြို့နယ်၊ အင်ဝိုင်းကျေးရွာအုပ်စု၊ အင်ဝိုင်းဘူတာ အနီးကို တိုက်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ Fire Dragon PDF ရဲဘော်တွေ မိနစ် ၃၀ ကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013