DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်၌  စက်သုံးဆီကို မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေး ဝယ်ယူနေရ 
DVB
·
August 15, 2024
ပြင်ဦးလွင်၌  စက်သုံးဆီကို မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေး ဝယ်ယူနေရ 
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စက်သုံးဆီ အလွယ်တကူ ဝယ်လို့မရလို့ ပြည်သူတွေ အချိန်တော်တော်ကြာ တန်းစီစောင့်ဆိုင်း ဝယ်နေရပြီး စက်သုံးဆီကို ပြင်ပမှာ မှောင်ခိုဈေးကွက်ကနေ ဈေးကြီးပေးဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်မြို့မှာ စက်သုံးဆီကို မနက် မိုးမလင်းခင်ကတည်းက ညအိပ်စောင့်ဆိုင်း တန်းစီဝယ်ကြရပြီး တန်းမစီနိုင်သူတွေက ပြင်ပမှာ မှောင်ခိုဈေးပေးကာ ဆီဝယ်နေရတာပါ။

စက်သုံးဆီက မှောင်ခိုဈေးအနေနဲ့ တလီတာကို ကျပ် ၇,၀၀၀ ကျော်ကနေ ကျပ် ၁၀,၀၀၀ လောက်အထိ ပေါက်ဈေးရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ မန္တလေးမြို့မှာလည်း ဆီပြတ်လပ်နေပြီး တချို့ဆိုင်တွေဆိုရင် ဆက်မရောင်းတော့ဘဲ ဆီတန်းစီစောင့်ရင်း ဆိုင်ပိတ်သွားတယ်လို့ ဆီတန်းစီသူတွေက ပြောပါတယ်။

ပြင်ဦးလွင် - မန္တလေး ကားမောင်းသမားတဦးက “ကျနော်တို့ ဆီဆိုင်တွေကတော့ တနေရာနဲ့ တနေရာ မတူဘူးပေါ့။ တသောင်းပဲ ရောင်းပေးတာ ရှိတယ်။ နှစ်သောင်းပဲ ရောင်းပေးတာ ရှိတယ်။ အများဆုံးကတော့ သုံးသောင်းပေါ့။ အခုဆို လက်ရှိ မေမြို့မှာတော့ ဆီပြတ်သွားပြီ ကြားတယ်။ ကျနော်က အခု မန္တလေး ရောက်နေတာ။ မန္တလေးမှာလည်း တချို့ ဆီဆိုင်တွေ ဆီ မရှိတော့ဘူး။ ဒါပေမဲ့ မျှော်လင့်ချက် ကြီးစွာနဲ့ ပြည်သူတွေက တန်းစီနေတာ လမ်းမှာဆိုရင် နှစ်ပြလောက် ရှိတယ်။ တန်းစီနေကြတာ။ အဲ့လိုမျိုး ရှိတယ်။ နောက်ပြီးတော့ ဆီဝယ်ရတာ ခက်တော့ အပြင်က ဝယ်ရတယ်။ အပြင်က ဝယ်ရတာ လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကဆို မှောင်ခိုဈေးက ၇၀၀၀ လောက်အထိ ပေါက်တယ်”လို့ ပြောပါတယ်။

ပြင်ဦးလွင်က ဆီဆိုင်တွေမှာ တန်းစီ ဝယ်ယူမယ်ဆိုရင်တော့ ဓာတ်ဆီ 92, 95 တလီတာကို ကျပ် ၂၉၀၀ ကျော်နဲ့ ရောင်းချပေးနေပြီး လိုသလောက် ဝယ်လို့မရဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆီတန်းစီရတာက မနက် ၄ နာရီ မတိုင်ခင် ဆီဆိုင်မဖွင့်ခင်ကတည်းက လာရောက် တန်းစီနေကြတာ ဖြစ်ပြီး၊ လာရောက်တန်းစီသူတွေထဲမှာ ဆီကို မှောင်ခို ပြန်ရောင်းချသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင် ဒေသခံ မမိုးမိုးက “ဆီက ညအိပ်ပြီးတော့ တန်းစီကြတာ။ တန်းမစီချင်တဲ့သူတွေက မှောင်ခိုဈေးနဲ့ ဝယ်ကြရတယ်။ မှောင်ခိုဈေးက ဆီ တကွာတားကို ၇၅၀၀ ကနေ ၈၀၀၀ ၊ ၁၀၀၀၀ လောက်အထိ ရှိတယ်။ တန်းစီရတာ အရမ်းကြာတယ်။ အမတို့ တန်းစီတာဆို ဆီ ၈၀၀၀ ဖိုး သွားဝယ်တာ။ သူတို့က ဆိုင်ကယ် တစီးကို ၅၀၀၀ ဖိုးပဲ ဖြည့်ပေးတယ်။ တန်းစီရတာ တော်တော်ကြာတယ်။ မိနစ် ၂၀ အနည်းဆုံးပဲ၊ နာရီဝက် ၁ နာရီလောက်လည်း ကြာတယ်။ အကုန် ဒုက္ခရောက်နေတာပေါ့။ တန်းစီရင်းနဲ့ ဆီတွေ ပြတ်ကြတာ။ အခုက ပိုဆိုးတယ်။ နေ့တိုင်း မိုးရွာနေတော့ အခြေခံလူတန်းစားတွေ မိုးကာတွေဝတ်ပြီး ဆီကို တန်းစီ ဝယ်နေရတယ်”လို့ ပြောပါတယ်။

ပြင်ဦးလွင်နဲ့ မန္တလေးမှာသာမက ရန်ကုန်မြို့မှာလည်း နေရာတော်တော်များများ စက်သုံးဆီတွေ ဝယ်ယူရ ခက်ခဲနေပါတယ်။ ဩဂုတ်လဆန်းပိုင်းကစပြီး မြန်မာ တနိုင်ငံလုံးကို ဖြန့်ဖြူးနေတဲ့ သီလဝါဆိပ်ကမ်းမှာ ဆီတင်ဘောက်ဆာယာဉ်တွေ အများအပြား ဆီတင်ဖို့ စောင့်ဆိုင်းနေရတာ တပတ်ကျော် ကြာပြီလို့ သိရပါတယ်။

လက်ရှိ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ ကြီးတွေမှာ စက်သုံးဆီတွေ အလွယ်တကူ ဝယ်ယူလို့ မရဘဲ အချိန်တော်တော်ကြာ တန်းစီ စောင့်ဆိုင်းပြီး အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း မိတ္ထီလာမြို့မှာတော့ ဆီဆိုင်တွေ အရောင်းပိတ်ထားတဲ့အထိ ဆီ ပြတ်လပ်နေ ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013