DVB Logo
Home
မြန်မာသတင်း
ထောင် ၁ နှစ်ချခံရသည့် AEON Orange ဒါရိုက်တာ ဂျပန်နိုင်ငံသား ပြန်လွတ်မြောက်
DVB
·
August 13, 2024
ထောင် ၁ နှစ်ချခံရသည့် AEON Orange ဒါရိုက်တာ ဂျပန်နိုင်ငံသား ပြန်လွတ်မြောက်
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတဲ့ Aeon Orange ဈေးဝယ်စင်တာ ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမတ်ဆု ဟီရိုရှီ ပြန်လည်လွတ်မြောက်လာတယ်လို့  AFP သတင်းမှာ ဖော်ပြပါတယ်။

သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းတွေထက်ပိုပြီး အမြတ်တင်ရောင်းချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးနဲ့ မစ္စတာ ကာဆာမတ်ဆု အပါအဝင် စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဖမ်းဆီးအရေးယူထားခဲ့တာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Nikkei Asia ဂျပန်သတင်းမှာတော့ မစ္စတာ ကာဆာမတ်ဆုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အီရှီရို မာရုယာမနဲ့ တခြားတာဝန်ရှိသူတွေ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရတဲ့အကြောင်း ဖော်ပြပါတယ်။

သြဂုတ် ၁၂ ရက် မနေ့ကတော့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မစ္စတာ ကာဆာမတ်ဆုကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောလိုက်ပြီး သူဟာ ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိ၊ မရှိ ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးခံရမလား စတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဂျပန် နိုင်ငံခြားရေး၀န်ကြီးဌာနတော့ သူ ပြန်လွတ်လာပြီး ကျန်းမာရေးအတွက် အထူးပြဿနာမရှိဘူးဆိုတဲ့အကြောင်း AFP သတင်းဌာနကို ပေးပို့တဲ့ ကြေညာချက်ထဲ  ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မစ္စတာ ကာဆာမတ်ဆု မြန်မာနိုင်ငံမှာ ရှိနေတုန်းလား၊ ဒါမှမဟုတ် ဂျပန်နိုင်ငံဆီ ပြန်သွားခြင်း ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကောင်စီဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဂျပန်ဒါရိုက်တာ တိုရူကူဘိုတာကို ရန်ကုန်မြို့ မြောက်ဒဂုံမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လိုက်ပါသတင်းယူ ရိုက်ကူးရေးလုပ်ချိန် ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်။

သူ့ကို ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေနဲ့ စုစုပေါင်း ထောင် ၇ နှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်နဲ့ ထောင် ၃ နှစ် စုစုပေါင်း ထောင် ၁၀ နှစ် စက်တင်ဘာလအတွင်း ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်ထဲမှာ ၃ လခွဲ နေခဲ့ရပြီးနောက် နိုဝင်ဘာလထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး ဂျပန်နိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013