DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းပိုင်းဖြတ်သန်းခွင့် ယာယီပိတ်
DVB
·
August 13, 2024
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းပိုင်းဖြတ်သန်းခွင့် ယာယီပိတ်
Donate to DVB

တနင်္သာရီကနေ ဘုတ်ပြင်းဘက် သွားလာတဲ့ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် ခရီးဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေက သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၂ ရက်ကစပြီး တနင်္သာ-ဘုတ်ပြင်း သွားလာတဲ့ ပြည်ထောင်စုကားလမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက အဆိုပါ လမ်းပိုင်းတလျှောက်မှာ သွားလာလှုပ်ရှားမှုတွေရှိနေကာ စစ်ရေးတင်းမာမှုတွေ ရှိလာတဲ့အတွက် ယာယီပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

တနင်္သာရီပကဖ ပြန်ကြားရေးတဦးက “ဒီရက်ပိုင်းမှာ မသွားလာကြဖို့ကို ကြိုပြောထားတာ ရှိတယ်။ သူတို့(စကစ)က ရိက္ခာကားတွေလည်း တက်တာရှိတယ်။ ပြီးတော့ အရပ်သားကားကြားမှာ လိုက်ပြီးတော့ ကာဗာလုပ်ပြီးတက်တာ ရှိတယ်၊ အဲ့ပုံစံတွေလည်း ရှိတယ်။ အဓိကတော့ စစ်ရေးတင်းမာမှုတွေ ရှိတယ်။ ဘာကြောင့်ဆိုတာတော့ ကျနော်တို့ဘက်က ပြောလို့မရဘူးပေါ့။ လက်ရှိ ယာယီပိတ်ထားတယ်။ ဘယ်နှရက် ဆိုတာတော့ ကန့်သတ်ထားလို့လည်း မရသေးဘူး” လို့ ပြောပါတယ်။

မြိတ်မြို့နယ် တုံးဗျောရွာဘက်ကနေ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၇ ရက်က စတင်ပြီး တနင်္သာရီမြို့နယ် တမုတ်ချုံးရွာဘက်ကို ဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ လမ်းကင်းနေရာ ချထားသလို လမ်းပိုင်းအသုံးပြုပြီး သွားလာနေတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ကားတွေကိုလည်း အကာအကွယ်လုပ်ပြီး သွားလာနေတာတွေ ရှိနေတဲ့အတွက် ခရီးသွားလာခြင်း မပြုကြဖို့ မြိတ်ခရိုင်စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

“သူတို့က တဆင့်ပြီးတဆင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းကင်းတွေချပြီးတော့ သွားနေတယ်။ အခုချိန်ထိ ချထားသေးတာပါ၊ ပြန်မဆုတ်သေးဘူး။ သူတို့က နေ့ဘက်ဆို မလှုပ်ရှားဘူး။ ညပိုင်းဆို လှုပ်ရှားမှုလုပ်နေတယ်။ အရပ်သားကားတွေကို သူတို့က ကာဗာလုပ်ပြီး သွားလာတာမျိုးဆို ကျနော်တို့ဘက်က ပြည်သူ့နဲ့ စစ်သား ပြန်ခွဲထုတ်ရတာ တအားခက်တယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က ဖြစ်ခဲ့တဲ့ တမုတ်ချုံးရွာဘက်က တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျည်ဆန်ကျည်ဘောက်တွေ သိမ်းဆည်းရကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ကနေ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၉ ရက်မှာလည်း ခလရ ၅၆၁ တပ်ရင်းကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွေကြားမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ကျေးရွာတွေကို ဦးတည်ကာ ဗုံးသီးချ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ကာ အရပ်သားပြည်သူတွေလည်း ဘေးလွတ်ရာ ဒေသတွေကို သွားရောက်ရှောင်ရှားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013