DVB Logo
Home
မြန်မာသတင်း
မန္တလေးက ယာဉ်ထိန်းရဲများကို ရှေ့တန်းပို့ရန်ပြင်ဆင်
DVB
·
August 11, 2024
မန္တလေးက ယာဉ်ထိန်းရဲများကို ရှေ့တန်းပို့ရန်ပြင်ဆင်
Donate to DVB

မန္တလေးက ယာဉ်ထိန်းရဲတွေကိုပါ စစ်ကောင်စီက ရှေ့တန်းပို့ဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပြင်ဦးလွင်မှာတော့ အနီးတဝိုက်မှာ ထိတွေ့မှုတွေဆက်တိုက်ဖြစ်နေလို့ အခြေခံလူတန်းစား အများစုပဲ မြို့မှာ ကျန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မန္တလေးမြို့အတွက် အင်အားမလုံလောက်တာကြောင့် ယာဉ်ထိန်းရဲတွေကိုပါ ရှေ့တန်းပို့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပြင်ဦးလွင်က စစ်တပ်မိသားစုတွေနဲ့ ရှမ်းပြည်၊ ကျောက်မဲမြို့က ဝန်ထမ်းတွေ မန္တလေးဘက် ဆင်းလာတာ၊ အရေးပေါ်အခြေအနေမှာ စာရွက်စာတမ်းတွေနဲ့ ရုံးသုံးပစ္စည်းတွေ ထိန်းသိမ်းဖို့ ညွှန်ကြားချက်တွေထွက်ပေါ်နေတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်နေတာ၊ မြို့တွင်းမှာ စစ်ကားတွေ ကင်းလှည့်နေတာတွေကြောင့် မန္တလေးမြို့မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်ကို မိုးကုတ်ဗျူဟာ ကျရှုံးတာနဲ့ အမိန့်မနာခံတာတွေကြောင့် စစ်ခုံရုံးတင်စစ်ဆေးနေပြီး တပ်တွင်း မတည်ငြိမ်တာတွေလည်း ဖြစ်ပေါ်နေတာပါ။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “မော်တော်ပီကယ်တွေရဲ့ ဖမ်းဆီးမှုက တော်တော်လေးလျော့ကျသွားတယ်။ ယာဉ်ထိန်းရဲတွေနေတဲ့လိုင်းခန်းတွေ အရွှေ့အပြောင်းဖြစ်လို့ ဆိုတဲ့အကြောင်းရင်း၊ နောက်တခါ ဒီကောင်တွေ ရှေ့တန်းမှာလူမရှိလို့ လိုက်သွားရပြီ ဆိုတဲ့အကြောင်းရင်း၊ ဝေဖန်ပြောဆိုမှုတွေကတော့ အများကြီးထွက်နေတာပဲ” လို့ ပြောပါတယ်။

မန္တလေးမှာလည်း လတ်တလောဖြစ်နေတဲ့ အခြေအနေတွေနဲ့ စစ်တပ်ဘက်က လှုပ်ရှားမှုတွေကြောင့်  ဂယက်ရိုက်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဦးတိုးက “ဒုတိုင်းမှူးအောင်လွင်ကလည်း မိုးကုတ်ဗျူဟာကျလို့ ဇုန်ခုံတက်နေရတယ်။ အဲဒီ ဇုန်ခုံတက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ လက်ရှိပြောင်းလာတဲ့ တိုင်းမှူးအောင်ခိုင်ဝင်းကိုလည်း ဂယက်ရိုက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်နေတာရှိတယ်။ ဆိုတော့ အကုန်လုံးကို သုံးသပ်ရရင်တော့ မြို့မျက်နှာ တိုင်းပြည်မျက်နှာကိုကြည့်ပြီးတော့ အလံဖြူထောင်လိုက်ပါလို့ ပြောချင်တာပဲ။ လပခတိုင်းမှူးနဲ့ ဒုတိုင်းမှူးနဲ့ အဖွဲ့ဝင်အားလုံး အလံဖြူထောင်လိုက်ကြပါ” လို့ ပြောပါတယ်။

ဩဂုတ် ၈ ရက်ကစပြီး လက်ရှိအချိန်အထိ မန္တလေးတိုင်း ပြင်ဦးလွင်အနီးတဝိုက်မှာ ထိတွေ့မှုတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတာကြောင့် PDF တွေက မြေပြင်စစ်ရေး အသာစီးယူနိုင်ဖို့ခက်ခဲနေပါတယ်။ ပြင်ဦးလွင်မြို့ပေါ်မှာတော့ အခြေခံလူတန်းစားတချို့ပဲကျန်ရစ်ပြီး တမြို့လုံးခြောက်ကပ်နေပြီလို့ သိရပါတယ်။

ဦးတိုးက “မနက်ပိုင်းကတော့ ဘန့်ဘွေးဘက်မှာထိတွေ့မှုဖြစ်တယ်လို့ကြားတယ်။ ဘန့်ဘွေးကို ကိုယ့်ဘက်က Sold Out ဆိုတဲ့သတင်းကတော့ မဟုတ်ဘူး။ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာတဲ့ ဝက်ဝံ Sold Out ဖြစ်သွားပြီပေါ့လေ။ အဲလို ကျနော့်ဆီဝင်လာတော့ ကျနော် လိုက်ထောက်ကြည့်တော့ မဟုတ်ပါဘူး။ ထိတွေ့မှုဖြစ်တာတော့ ဟုတ်တယ်။ အတိမ်အနက် အကျယ်အဝန်း ဘယ်လောက်ရှိတယ်ဆိုတာတော့ အတိအကျမရဘူး” လို့ ပြောပါတယ်။

ထိတွေ့မှုတွေဖြစ်နေတဲ့ ပြင်ဦးလွင်အနီး ရှမ်းပြည်နယ်ဘက်ခြမ်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေး(မြောက်)ရွာကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၈ ရက်မှာ ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၄၀ ဝန်းကျင်ပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိလည်း ထိတွေ့မှုတွေရှိနေပြီး ဒေသခံပြည်သူတွေဟာ ဦးတည်ရာမဲ့တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဘန့်ဘွေးဒေသခံအမျိုးသမီးတယောက်က “ပျူစောထီးတွေရှိနေတယ်လေ တောင်ရွာက၊ ကျမတို့နဲ့ ကားလမ်းလေးပဲခြားတာ။ သူတို့က အရင်နေ့တွေတုန်းက ကားတွေလည်းဖမ်းလိုဖမ်း ပိုက်ဆံတွေလည်း ညှစ်လိုညှစ်၊ လူတွေကိုလည်းဖမ်းပြီးတော့ ပိုက်ဆံသိန်း ၇၀ နဲ့ရွေးခိုင်း၊ သိန်း ၁၀၀ နဲ့ရွေးခိုင်းနေတာ။ နှိပ်စက်တာမျက်နှာတွေလည်းယောင်ဖူးပြီး မျက်လုံးတွေလည်း စုတ်ပြတ်သတ်နေတာပဲ။ အဲ့ဒါပြည်သူ့ကာကွယ်ရေးတပ်က ဒီလိုညှဉ်းပန်းနှိပ်စက်နေတာ မခံချင်တဲ့စိတ်နဲ့ လာပစ်တာလေ။ မီးတွေပုံရှို့သွားတော့ ကျမတို့က ဘယ်လိုလုပ်ရမှန်းမသိဘူး။ ကျမတို့ တရွာတင်မကဘူး ကျမတို့ရွာရဲ့အရင်လူတွေ အများကြီးခံခဲ့ရပြီးပြီနော့။ ကျမတို့ကို ဘယ်နိုင်ငံကမှ လာပြီးတော့ မကယ်နိုင်တော့ဘူးလား၊ မကူညီနိုင်တော့ဘူးလား၊ ကျမတို့ ခုဆို ၃-၄ နှစ်ရှိပြီ ကျမဆို ကလေး ၂ ယောက်နဲ့ ပြေးနေရတာ။ နေစရာအိမ်လည်းမရှိဘူး၊ အဲ့ဒီစစ်ကောင်စီ မြန်မြန် အမြစ်ပြတ်စေချင်တယ်။ ပျူစောထီးတွေပိုဆိုးတယ်။ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေး တပ်တွေက မြန်မြန်နှိမ်နင်းပေးပါလို့၊ နိုင်ငံတကာက ဒီအတိုင်းပဲ ကြည့်နေမှာလား၊ ဘယ်သူကမှ ကျမတို့ကိုမကယ်တော့ဘူးလား” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လက်လွှတ်ထားရပြီး သူတို့အတွက် အရေးပါတဲ့ ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးဖိအားတွေအောက်ကို ရောက်နေတာပါ။

ဩဂုတ် ၇ ရက်နေ့အထိမှတ်တမ်းတွေအရ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတဝန်း မြို့ပေါင်း ၇၃ မြို့အထိ သိမ်းယူထားပြီး အချိန် ၃ နှစ်ကျော်အတွင်း စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013