DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးသုံးပွင့်ဆိုင် အစည်းအဝေး အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပမည်  
DVB
·
August 9, 2024
မြန်မာ့အရေးသုံးပွင့်ဆိုင် အစည်းအဝေး အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပမည်  
Donate to DVB

မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အကူအညီပေးနိုင်မဲ့   အာဆီယံသုံးပွင့်ဆိုင် (Asean Troika Plus) အစည်းအဝေးကို အခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျင်းပနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အာဆီယံအဖွဲ့ကြီး တည်ထောင်မှု ၅၇ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဩဂုတ် ၈ ရက်က ပြုလုပ်တဲ့ Asean Day 2024 အခမ်းအနားမှာ ထိုင်းအာဆီယံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဘောန်းဖုန်းဝမ်ဖဲန့်က မီဒီယာကို ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့လက ဗီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး (AMM) မှာ ထွက်ပေါ်ခဲ့တဲ့ Asean Troika Plus အစည်းအဝေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ ကနဦး အဆိုပြုချက်ကို အခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနိုင်ငံက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဘောန်းဖုန်း ဝမ်ဖဲန့်က“Troika Plus အစည်းအဝေးကို ဘယ်အချိန်မှာ ကျင်းပသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ လက်ရှိမှာ ကျနော်တို့ လာအိုနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ Troika Plus အစည်းအဝေးကို လာမယ့်အောက်တိုဘာလမှာ ပြုလုပ်သွားမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြီးတဲ့နောက်မှာမှ ကျင်းပသွားနိုင်ဖို့ မျှော်လင့် ရပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ ဝိုင်းဝန်း ကူညီပေးနေပေမဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့တွေအားလုံးက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အသင့် ရှိ မရှိ ဆိုတဲ့အချက်ဟာ အဓိကကျနေတဲ့အကြောင်း၊ မြန်မာအကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေဟာ အာဆီယံတဝန်းမှာပါ သက်ရောက်မှုတွေ မြင့်တက်လာတဲ့အတွက် အာဆီယံအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ အပြန်အလှန် ဆွေးနွေးသွားနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း မစ္စတာ မစ္စတာ ဘောန်းဖုန်းက ထပ်လောင်း ပြောပါတယ်။

Asean Troika ဆိုတာဟာ မြန်မာ့အရေး ကိုင်တွယ် ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနဲ့ လာမယ့်နှစ်မှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားစတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ယန္တရားဖြစ်ပါတယ်။

Plus ဆိုတာကတော့ မြန်မာ့အကျပ်အတည်းအပေါ် စိုးရိမ်ကြတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို လိုလား ကြတဲ့တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေ အသီးသီး ခန့်အပ်ထားကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကိုယ်စားပြုထားကြောင်း သိရပါတယ်။

Source:  Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013