DVB Logo
Home
နိုင်ငံရေး
ရှမ်းပြည်တောင်ပိုင်းက တော်လှန်စုံတွဲ
DVB
·
August 7, 2024
ရှမ်းပြည်တောင်ပိုင်းက တော်လှန်စုံတွဲ
Donate to DVB

အာဏာရှင် စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နေရာဒေသ အသီးသီးက ပြည်သူတွေထဲမှာ တပ်ရင်းမှူး ကိုဘုန်းကြီးတို့ စုံတွဲလည်း အပါအဝင် ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က Tour guide အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး အာဏာသိမ်းပြီးချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းက တပ်ရင်းတခုဖြစ်တဲ့ ၁၀၀၅ တပ်ရင်းမှာ တပ်ရင်းမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေပြီး အမျိုးသမီးဖြစ်သူ မနန်းစံက ဘဏ္ဍာရှာဖွေရေးနဲ့ ပြန်ကြားရေးတာဝန်တွေကို အသီးသီး တာဝန်ထမ်းဆောင်ကာ ခုလက်ရှိအချိန်မှာ တယောက် တနေရာစီ နေနေရပေမဲ့ အပြန်အလှန် နားလည်မှုယူရင်း တော်လှန်ရေးမှာ တက်ညီလက်ညီ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

အမှတ် ၁၀၀၅ တပ်ရင်းမှူး ကိုဘုန်းကြီးက “ကျနော်တို့တွေမှာ ချစ်ခြင်းမေတ္တာ ကြီးမားပါတယ်။ ဒါကြောင့် တော်လှန်ရေးကို နှစ်ယောက်အတူတူ နေရာတနေရာစီကနေ လုပ်နေတာတောင်မှ ချစ်ခြင်းမေတ္တာကြောင့် ပဋိပက္ခမရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီတော်လှန်ရေးကို လုပ်တဲ့အခါ ကျနော်က မိသားစုတာဝန်တွေကို မလုပ်ပေးနိုင်ဘူးပေါ့။ ဒါတွေအပေါ်လည်း သူက သည်းခံပေးတယ်၊ နားလည်ပေးတယ်။ အိမ်ထောင်တာဝန်ကို မထမ်းဆောင်နိုင်ပေမဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေပြီး သူ့အပေါ်လည်း မေတ္တာတကယ်ရှိတယ်” လို့ ပြောပါတယ်။

ပုံမှန်ဝင်ငွေရှိတဲ့ Tourist Guide လုပ်ငန်းကို ရပ်ပြီး တော်လှန်ရေးထဲ ဝင်ရောက်ပြီးတဲ့နောက် မိဘဆွေမျိုးနဲ့ အသိမိတ်ဆွေတွေရဲ့ အကူအညီကို ရယူခဲ့ပြီး အသက် ၅ နှစ်အရွယ် သမီးငယ်လေး ပညာရေးအတွက် တယောက်တနေရာစီ ခွဲနေနေရပေမဲ့ တော်လှန်ရေးအတွက် နိုင်တဲ့ဘက်ကနေ ကူနေကြတာပဲ ဖြစ်ပါတယ်။

တပ်ရင်း ၁၀၀၅ ပြန်ကြားရေးတာဝန်ခံ မနန်းစံက “မြေပြင်မှာပဲ နေဖြစ်မယ်ဆိုရင် သူ့ဆီကနေ ခွန်အားအများကြီးရတယ်။ သူရှိနေရင် ရှေ့ဆက်နိုင်တဲ့ကိစ္စတွေ ပိုများတယ်ပေါ့နော်။ တော်လှန်ရေးအရွေ့မှာလည်း ပိုပြီး အားပိုဖြစ်နိုင်မယ် ထင်တယ်။ ဒါပေမဲ့ ဝေးနေလို့လည်း မလုပ်ဘဲနဲ့ ထိုင်နေတာမျိုးတော့ မရှိဘူးပေါ့။ လိုင်းအခက်အခဲကြောင့် နည်းနည်းနှောင့်နှေးတာမျိုးတွေတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

တော်လှန်ရေးကာလအတွင်း အခက်အခဲပေါင်းများစွာကို နှစ်ယောက်အတူ ရင်ဆိုင်ကျော်ဖြတ်ရင်း အပြန်အလှန် အားပေးနှစ်သိမ့်မှုတွေနဲ့ အခက်အခဲတွေကြားကနေ ရှေ့ဆက်နေတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ကိုဗစ်ကာလတုန်းက အရမ်းခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းရတယ် ထင်ခဲ့ပေမဲ့ တကယ်တမ်း ပိုခက်ခဲတဲ့ကာလတွေ ကြုံလာရတယ်ပေါ့နော်။ အခက်အခဲတွေ ကြားထဲမှာလည်း ကိုယ့်အပေါ် သစ္စာစောင့်သိတယ်။ သာတယ်ဆိုတဲ့ အခြေအနေမျိုးမှာမှ ရှိနေတာမဟုတ်ဘဲ ခက်ခဲတဲ့အချိန်မှာ သူလည်း ကိုယ့်ကို မပစ်ပယ်သလို ကိုယ်လည်း သူ့ကို မပစ်ပယ်ဘူး။ ပြဿနာတွေကို ချစ်ခြင်းအားဖြင့် ဖြေရှင်းသွားတာပေါ့” လို့ မနန်းစံက ပြောပါတယ်။

ဝေးကွာနေရတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလုံး အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ကာ စည်းစည်းလုံးလုံးနဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ဖို့အတွက်လည်း ပြောဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ မိသားစုဝင်တွေက သေကွဲ ကွဲရတာတွေ၊ ရှင်ကွဲ ကွဲရတာတွေ၊ မိသားစုတွေ မစုံလင်တော့တာတွေ၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာတွေ ကြုံတွေ့နေရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရကာ စစ်ကောင်စီတပ်ကို တွန်းလှန်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြားမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013