DVB Logo
Home
နိုင်ငံတကာ
Intel ကုမ္ပဏီက လုပ်သား ၁၅,၀၀၀ ကျော် လျှော့ချမည်
DVB
·
August 2, 2024
Intel ကုမ္ပဏီက လုပ်သား ၁၅,၀၀၀ ကျော် လျှော့ချမည်
Donate to DVB

‌ချစ်ပြားတွေထုတ်လုပ်တဲ့ Intel ဟာ အလုပ်သမား ၁၅,၀၀၀ ကျော် လျှော့ချဖို့ စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။

Intel ဟာ Nvidia နဲ့ AMD တို့နဲ့ ယှဉ်ပြိုင်ရာမှာ ရုန်းကန်နေရလို့ အလုပ်သမား ၁၅ ရာခိုင်နှုန်းကျော် လျှော့ချမယ်လို့ ကြေညာထားတာပါ။

၂၀၂၅ ခုနှစ်မှာ အသုံးစရိတ် ဒေါ်လာ ၁၀ ဘီလီယံ လျှော့ချဖို့အတွက် အလုပ်သမား ၁၅,၀၀၀ ကို လျှော့မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

Intel ဟာ ဧပြီကနေ ဇွန်လအထိ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ပြီးနောက် အခုလိုမျိုး ကြေညာချက် ထွက်ပေါ်လာတာပါ။

ဇူလိုင်ကနေ စက်တင်ဘာလအထိ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံနဲ့ ၁၃ ဒသမ ၅ ဘီလီယံကြား ရမယ်လို့ ခန့်မှန်းထားပေမဲ့ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၂ ဒသမ ၈ ဘီလီယံပဲ ရခဲ့ပါတယ်။

Intel စီအီးအို ဂျယ်ဆင်ဂါက“ကျနော်တို့ရဲ့ ဘဏ္ဍာရေးက မျှော်မှန်းထားသလို တိုးမလာပါဘူး။ AI လို မျှော်လင့်ထားတဲ့ အရာတွေက အမြတ်အစွန်း အပြည့်အဝ မရသေးတာကလည်း ဘဏ္ဍာရေးအင်အားကို နည်းစေပါတယ်။ ကျနော်တို့ရဲ့ ကုန်ကျစရိတ် အရမ်းများနေပြီး သတ်မှတ်ပမာဏအောက် လျော့ကျလာပါတယ်” လို့ ဝန်ထမ်းတွေကို ပြောခဲ့တာပါ။

Intel ရဲ့ ရှယ်ယာတွေဟာ ၂၀ ရာခိုင်နှုန်း ထိုးကျခဲ့ပြီး ဈေးကွက်ပြန်ဖွင့်တဲ့ သောကြာနေ့မှာ ဒေါ်လာ ၂၃ ဘီလီယံကျော် အရှုံးပေါ်နေပါတယ်။

တချိန်က လက်ပ်တော့တွေရဲ့ ချစ်ပြားထုတ်လုပ်မှု ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ Intel ဟာ လက်ရှိအချိန် Nvidia နဲ့ AMD တို့ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရတာပဲ ဖြစ်ပါတယ်။

အစ္စရေးမှာ အဓိက စက်ရုံတိုးချဲ့မယ့်ကိစ္စလည်း ရပ်ဆိုင်းခဲ့ရတာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ ပရောဂျက်တွေ ဆောင်ရွက်ရမယ့်အချိန် ရောက်လာပြီ ဖြစ်ကြောင်း Intel က ပြောပါတယ်။

စီအီးအို ဂျယ်ဆင်ဂါ လက်ထက်မှာ Intel ဟာ AI processor ထုတ်လုပ်ဖို့ ပစ်မှတ်ထားနေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က Intel ကို လျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံ တည်ဆောက်ဖို့ ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံ ချေးငွေခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ မတ်လက ကြေညာခဲ့ပါတယ်။

Intel ဟာ အရီဇိုးနား၊ နာဗားဒါး၊ အိုဟိုင်းယိုးနဲ့ နယူးမက္ကဆီကို ပြည်နယ်တို့မှာ စက်ရုံဆောက်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013