DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် စစ်မှုထမ်းမဲပေါက်သည့် မိသားစုထံမှ  အုပ်ချုပ်ရေးမှူးက ငွေညှစ်
DVB
·
August 1, 2024
မော်ကျွန်းတွင် စစ်မှုထမ်းမဲပေါက်သည့် မိသားစုထံမှ  အုပ်ချုပ်ရေးမှူးက ငွေညှစ်
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျားကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းမဲပေါက်ပြီး တိမ်းရှောင်သွားတဲ့အတွက် ကျန်တဲ့မိသားစုတွေဆီက တယောက်ကို ကျပ် ၁၅ သိန်း တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျား ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးမှာ စစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးမဲနှိုက်ခိုင်းခဲ့ပြီး စစ်မှုထမ်းမဲပေါက်တဲ့ လူငယ်တချို့ တိမ်းရှောင်သွားလို့ စစ်မှုထမ်းအစားထိုးဖို့အတွက်ဆိုပြီး မိသားစုတွေဆီကနေ လူတ‌ေယာက်အတွက် ၁၅ သိန်း တောင်းယူနေတာလို့ သိရပါတယ်။

ဒေသခံတယောက်က “စစ်မှုမထမ်းချင်လို့ ရှောင်သွားတာကြောင့်ဆိုပြီး အုပ်ကြီး ခင်စိုးက မဲပေါက်တဲ့လူငယ်တွေရဲ့ မိသားတွေဆီကနေ ငွေတောင်းတာ။ ပထမ ဇွန်လအတွက် တကြိမ် ၁၅ သိန်း ပေးထားပြီးပါပြီ။ အခု ဇူလိုင်လကုန်တော့ ထပ်တောင်းတာ။ အခုမှ တလတကြိမ် ပေးရမယ်လို့ ပြောတာပါ။ ပထမတခါတော့ ရှိတာလေးနဲ့ ပေးလိုက်တာ၊ အခုတော့ ပေးစရာ မရှိဘူး ဖြစ်နေတာ။ မပေးရင် အဖမ်းသာခံကြလို့ ပြောတာ” လို့ ပြောပါတယ်။

အဲဒီဒေသက စစ်မှုမထမ်းချင်လို့ ရှောင်သွားတဲ့ လူငယ် ၄ ယောက်ရဲ့ ဒေသခံမိသားစုတွေဆီ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်စိုးက ပထမတကြိမ် တယောက်စာအတွက် ၁၅ သိန်း၊ ၄ ယောက်စာအတွက် သိန်း ၆၀ တောင်းယူခဲ့ပြီး အခု ဒုတိယအကြိမ်အတွက် ထပ်မံ တောင်းယူတာလို့ သိရပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အုပ်ကြီးခင်စိုးက အထက်က စစ်တပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာဆိုပြီး ပြောလုပ်နေတာလို့ သိရတယ်။ အရမ်းဆိုးတာလို့ ဒေသခံတွေကပြောတယ်။ ဒီစစ်မှုထမ်းကိစ္စတွေမှာတော့ အုပ်ကြီးတွေအတွက် ဂွင်ပဲ၊ သူတို့က လုပ်စားနေတာ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၁၀၈ စုရှိပြီး ကျေးရွာခွဲ ၆၇၆ ရွာမှာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဇူလိုင်လ ဒုတိယအပတ်က စတင်လို့ စစ်မှုထမ်းအမှတ်စဉ် ၃ နဲ့ ၄ အတွက် အသက် ၁၇ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေကို စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ ရှောင်တိမ်းသွားရင် အိမ်မှာရှိနေတဲ့ မိသားစုတွေကို စစ်ကောင်စီတပ်က ဆင်းဖမ်းဆီးမယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013