DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် UWSA ‘ဝ’ တပ်ဖွဲ့တိုက်တွန်း 
DVB
·
July 31, 2024
အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် UWSA ‘ဝ’ တပ်ဖွဲ့တိုက်တွန်း 
Donate to DVB

UWSA ‘ဝ’တပ်ဖွဲ့ရဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ဆိုတဲ့ တိုက်တွန်းချက်ဟာ တရုတ်နိုင်ငံရဲ့ မူဝါဒကို ဖော်ဆောင်ပေးတာဖြစ်ပြီး ‘ဝ’ တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေပိုင်ဆိုင်မှုဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးချိန်က ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)  အဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ကို ဖယ်ထားခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဝေဖန်ခဲ့တဲ့ ‘ဝ’ တပ်ဖွဲ့ဟာ အာဏာသိမ်းမှု နောက်ပိုင်း တနိုင်ငံလုံးမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့  ဇူလိုင် ၂၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ ပြိုကွဲတော့မယ့် အနေအထားကို ရောက်နေသလို  အခုလို ဆက်ဖြစ်နေရင် လူမှုရေးမျိုးနွယ်စုကြား အကွဲအပြဲ ပိုနက်ရှိုင်းပြီး အချင်းချင်း ရန်ငြိုးလည်း ပိုမိုမြင့်တက်လာနိုင်တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ပါဝင်ပတ်သက်သူတွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအဝင် ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံနဲ့ ပြဿနာတွေကို ဖြေရှင်းကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တပ်ရင်းစစ်ဌာနချုပ်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ မြို့တွေကိုပါ လက်လွှတ်ထားရသလို လက်ရှိအချိန်မှာလည်း လားရှိုးမြို့အပြင် အဲဒီမှာရှိနေတဲ့ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကိုပါ လက်လွှတ်ရတော့မယ့် အနေအထားအထိ စစ်ရေးရှုံးနိမ့်နေတာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ  ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမရှိဘဲ ‘ဝ’ ဒေသပိုင်နယ်မြေအဖြစ် ရယူနိုင်ခဲ့ပြီး လက်ရှိ ၁၀၂၇ ဒုတိယပိုင်းမှာလည်း ‘ဝ’ တောင်ပိုင်းနဲ့ ‘ဝ’ မြောက်ပိုင်းကို ပေါင်းစပ်နိုင်ဖို့အတွက် အဓိက အချက်အချာကျတဲ့ တန့်ယန်းနဲ့ လားရှိုးကို ‘ဝ’ တပ်ဖွဲ့ကအင်အားအများအပြားနဲ့ ဝင်ရောက် တပ်စွဲထားပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ရဲ့ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ လားရှိုးမြို့ထဲကို ‘ဝ’  စစ်သားတွေ ဝင်ရောက်လာတာဟာ ‘ဝ’ တပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးယူဖို့အတွက် အခုလို တပ်စွဲထားတာလို့ DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အပြည့်အဝ ထိန်းချုပ်ပြီး ကိုးကန့်အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ အစားထိုးလိုက်ပြီကြေညာထားသလို တိုက်ပွဲတွေအတွင်းမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိုးကန့်တပ်ဖွဲ့ က ဇူလိုင် ၃၀ ရက် ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ စစ်တပ်အာဏာသိမ်းမှုအစမှာကတည်းက ဘယ်အဖွဲ့ရဲ့ စစ်ရေးပဋိပက္ခထဲမှာမှ ပါဝင်မှာမဟုတ်သလို ‘ဝ’ ဒေသရဲ့ လေပိုင်နက်နဲ့ မြေပိုင်နက်တွေကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်အဖွဲ့ကိုမဆို လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အောင်သူ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013