DVB Logo
Home
မြန်မာသတင်း
ရွှေနှင့်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်၊ ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်ဖြစ်
DVB
·
July 29, 2024
ရွှေနှင့်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်၊ ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်ဖြစ်
Donate to DVB

မကြာသေးခင်က ဘဏ်တွေကထုတ်ပေးတဲ့ ငွေစက္ကူအသစ်တွေ ဂယက်ကြောင့် ရွှေဈေး၊ ငွေဈေးတွေ အလှုပ်အခတ်များခဲ့ရာက ဒီနေ့ ဇူလှိုင် ၂၉ ရက် ပြင်ပ ရွှေမှောင်ခိုဈေးကွက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ကျပ်  ၆၃ သိန်းကနေ  ၆၅ သိန်းကြားထိ စံချိန်တင် ထိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းက တဒေါ်လာကို ကျပ် ၅၂၀၀ ကျော်ထိ ဈေးပေါက်နေတယ်လို့  ရွှေနဲ့ ဈေးကြေး ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ဒီနှုန်းထားတွေက တရားဝင်ပေါက်ဈေးမဟုတ်ဘဲ ကြိုက်ရောင်း ကြိုက်ဝယ် မှောင်ခိုဈေးဖြစ်တာကြောင့် နေရာဒေသနဲ့ အချိန်အခါအလိုက် ဈေးကွာဟချက်ရှိနိုင်ပြီး ဈေးအပြောင်းအလဲလည်း ဆက်ဖြစ်နိုင်တယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“ဈေးတွေကတော့ တောက်လျှောက် တက်နေတုန်းပါပဲ။ ကြိုက်ရောင်း ကြိုက်ဝယ်အခြေအနေ ဆိုတော့ တနေရာနဲ့ တနေရာ ဈေးတွေက မတူနိုင်ဘူး။ ဒီနေ့ ဒေါ်လာ ဈေး ၅၂၀၀ ကျော်နေပြီ။ ဒါတောင် အဝယ်ပဲများတာ ရောင်းတဲ့သူ သိပ်မရှိဘူး” လို့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်က ရွှေဆိုင်တွေမှာလည်း အခေါက်ရွှေ အတုံးအခဲ အရောင်းအဝယ်ကို ပိတ်ထားကြပြီး  မှောင်ခိုဈေးကွက်မှာပဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝန်းက  သိရပါတယ်။

“ပြင်ပဈေးကွက်မှာတော့ အရောင်းအဝယ််တွေ ရှိမှာပေါ့နော်။ ဆိုင်တွေကတော့  လုံးဝ အတုံး အရောင်းမဝယ် မရှိပါဘူး” လို့ ရန်ကုန်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရန်ကုန်ရွှေအသင်းရဲ့ ဒီကနေ့ ရွှေရည်ညွှန်းဈေးကတော့ ကျပ် ၄၆ သိန်းဝန်းကျင်မှာပဲရှိနေပြီး အသင်းဝင် ရွှေဆိုင်ကိုလည်း သူတို့ သတ်မှတ်တဲ့ အဲဒီဈေးနှုန်းနဲ့သာ ရောင်းဝယ်ကြဖို့ အသင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ နေ့စဉ် ကြေညာနေပါတယ်။ ဒါပေမဲ့ အဲဒီဈေးနှုန်းနဲ့ အမှန်တကယ် ရောင်းဝယ်တဲ့ ရွှေဆိုင်မရှိပါဘူး။

အာဏာသိမ်းပြီးကတည်းက ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေကြေးမူဝါဒ အမှားတွေကြောင့် ဒေါ်လာဈေးနဲ့ ရွှေဈေး တရိပ်ရိပ်တက်လာခဲ့ပါတယ်။ ဒေါ်လာဈေးဟာ ၄၅၀၀ ဝန်းကျင်မှာ တန့်နေခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တရိပ်ရိပ် မြင့်တက်လာခဲ့ရာကနေ အခုအခါမှာ တဒေါ်လာ ကျပ် ၅၀၀၀ ကျော်ကို ရောက်လာခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ဝန်ထမ်းတွေကို ကျပ်ငွေ ၃၀,၀၀၀ ထပ်ဆောင်းခံစားခွင့် ပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကလည်း ဒေါ်လာဈေးတွေကို ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013