DVB Logo
Home
ဆောင်းပါး
အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဖက်ဒရယ်လစ်ဇင်
DVB
·
July 29, 2024
အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဖက်ဒရယ်လစ်ဇင်
Donate to DVB

ဖက်ဒရယ်လစ်ဇင် ဆိုတာ ဘာလဲ

ဖက်ဒရယ်လစ်ဇင်ကို ခင်ဗျားတို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုသလဲ ဆိုတဲ့ မေးခွန်းနဲ့ စရမှာပဲ။ ဖက်ဒရယ်လစ်ဇင်ဟာ အင်မတန်ရှုပ်ထွေးတဲ့ အုပ်ချုပ်စီမံမှုတွေနဲ့ အာဏာခွဲဝေမှုတွေရှိတဲ့ စနစ်တခုလို့ ပြောလို့ရမယ် ထင်ပါတယ်။

ခင်ဗျားစဉ်းစားကြည့်လေ။ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံဟေ့ဆိုရင် အနည်းဆုံး အစိုးရ နှစ်ရပ်တော့ ပီပီပြင်ပြင်ကို ရှိရတော့မယ်။ ဒါတောင် ဒေသန္တရအစိုးရ (Local government) တွေအကြောင်း ထည့်မတွက်ထားသေးပါဘူး။

၂၀၀၈ အခြေခံဥပဒေကနေ ဖြစ်ပေါ်လာတဲ့ သဏ္ဌာန်ဆောင် အရောင်ပြ အစိုးရနှစ်ရပ်မျိုးတော့ မဟုတ်ရဘူးပေါ့ဗျာ။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရ ဆိုတဲ့ နှစ်ရပ်ကတော့ ပီပီပြင်ပြင် အားကောင်းမောင်းသန်ကို အပြိုင်ရှိရမှာနော်။ ပြည်နယ်အစိုးရကတောင် အာဏာမှာ အလေးသာလိမ့်ဦးမယ်။ ခင်ဗျား နားရှုပ်သွားနိုင်တယ်။ ခင်ဗျားတို့ တွေ့ကြုံလာတာက ခင်ဗျားတို့အခေါ် ဗဟိုအစိုးရကြီးကပဲ အာဏာပါဝါမှာ အလေးသာခဲ့တာကိုး။ ဒီနေရာမှာ တော်တော်အရေးပါတဲ့ အာဏာတခုအကြောင်း  ပြောပြချင်ပါတယ်။ အဲဒီအာဏာက ကြွင်းကျန်အာဏာ (Residual Power) လို့ ခေါ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိတိကျကျ ခွဲဝေသတ်မှတ်ပေးထားတဲ့ အာဏာတွေနဲ့ မတူဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဘယ်အစိုးရအဆင့်ဆင့်နဲ့မှ ပေးထားတာမဟုတ်တဲ့ ကြွင်းကျန်အာဏာမျိုးကို ဆိုလိုပါတယ်။ အဲဒီလို အလွန်အရေးပါတဲ့ အခွင့်အာဏာကို အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်အစိုးရတွေရဲ့ လက်ထဲမှာ သီးသန့်ကို ထားရှိကြပါတယ်။ ပြည်သူနဲ့အနီးဆုံးမှာထားတဲ့ လုပ်ပိုင်ခွင့် အာဏာပေါ့ဗျာ။

ဖက်ဒရယ်လစ်ဇင်ရဲ့ အနှစ်သာရက အာဏာခွဲဝေကျင့်သုံးမှုပါပဲ။ ဒါ့ထက် အရေးကြီးတာက ပြည်နယ်တွေက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်လို့ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် (Self determination) အပြည့်အဝ ရှိနေရမှာပါ။ နောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခြင်း လုပ်ပိုင်ခွင့် (Self- rule = မိမိကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် လွတ်လပ်စွာ အုပ်ချုပ်ခြင်း)  နဲ့ အာဏာခွဲဝေအုပ်ချုပ်ခြင်း (Shared Rule = ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက် ချမှတ်ရာ၌ နိုင်ငံရေးအရ တန်းတူပါဝင်ခြင်း) လုပ်ပိုင်ခွင့်အာဏာတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအထဲမှာ အတိအကျကို ရေးဆွဲပြဋ္ဌာန်းပေးထားရပါတယ်။ အာဏာခွဲဝေခြင်း (ဝါ) မျှဝေခြင်းသည် ဖက်ဒရယ်လုပ်ငန်းတွေရဲ့ အဓိကအချက်အချာ ဖြစ်ပါတယ်။

ဒီလောက်လေး အခြေခံသိထားရင်ကို ဖက်ဒရယ်လစ်ဇင်ကို နားလည်ကျင့်သုံးနိုင်ပါပြီ။ ကျနော် အထက်မှာပြောခဲ့သလို ဖက်ဒရယ်လစ်ဇင်ဟာ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ အာဏာခွဲဝေမှု အဆင့်ဆင့်တွေ များတာကြောင့် ရှုပ်ထွေးမှုတော့ ရှိပါတယ်။ ကျင့်သုံးရတာ မလွယ်ဘူး။ ခက်တယ်လို့ ပြောနိုင်ပါတယ်။

ဘာကြောင့် ဖက်ဒရယ်လိုချင်တာလဲ

နောက်တချက်က ဘာဖြစ်လို့ ခင်ဗျားတို့ ဖက်ဒရယ်လိုချင်တာလဲ။ ဒီမေးခွန်းကတော့ ခင်ဗျားတို့ ကျုပ်တို့အတွက် ပိုလို့တောင် အရေးကြီးမယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကျနော်တို့က ဘာဖြစ်လို့ ဖက်ဒရယ်လိုချင်တာလဲလို့ မေးလိုက်ရင် ခင်ဗျားတို့ ရေရေရာရာ မဖြေနိုင်မှာ ကျနော်စိတ်ပူတယ်။ ဆရာကြီး ဦးအောင်သင်းကတော့ ပြောဖူးတယ်။

“မမေးရင် သိတယ်။ မေးရင် မသိတော့ဘူးတဲ့။”

ဖက်ဒရယ်ကို လိုတော့လိုချင်ပါတယ်၊ ရလည်း ရချင်ပါတယ်။

ဘာဖြစ်လို့ လိုချင် ရချင်ရတာတုန်းလို့ မေးလိုက်ရင်တော့ ဂဃနဏ ကျကျနန အဖြေပေးနိုင်တဲ့သူတွေ ဒီတော်လှန်ရေးမှာ အတော်ရှားပါလိမ့်မယ်။ ကျနော်မေးကြည့်ဖူးတယ်။ လူကြီးတွေရော လူငယ်တွေရော။ တော်တော်များများကတော့ ယောင်ဝါးဝါးပဲနော်။ သူများယောင်လို့ယောင် အမောင် တောင်မှန်းမသိတွေက များပါတယ်။

တကယ်ဆို အဖြေက ရှင်းပါတယ်

ကျနော်တို့နိုင်ငံက ဒီမိုကရေစီတော့ ကောင်းကောင်းသိကြပါတယ်။ လိုချင်လို့လည်း တောင်းခဲ့ကြပါတယ်။ ၁၉၈၈ မှာ အရေးတော်ပုံကြီးတရပ် ဆင်နွှဲပြီးတော့ကို တောင်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဖက်ဒရယ်အသံတော့ မညံခဲ့ပါဘူး။

သို့သော်လည်း ၂၀၂၁ စစ်အာဏာ သိမ်းယူမှုကို ခုခံတွန်းလှန် တော်လှန်တဲ့ အခါမှာတော့ ဒီမိုကရေစီတင် မရပ်နေတော့ဘဲ ဖက်ဒရယ်ကိုပါ တောင်းဆိုတဲ့အသံတွေ ညံလာပါတယ်။

ဖက်ဒရယ်တောင်းဆိုမှုက ဘာလို့ အသံကျယ်လာတာလဲဆိုတော့ ဒီမိုကရေစီပြန်ရရင်တောင် တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောဖို့ မလုံလောက်တော့လို့ပါ။ အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီး ပဋိပက္ခဟာ ဒီမိုကရေစီစနစ်တခုတည်းနဲ့ မဖြေရှင်းနိုင်တော့ဘူးဆိုတာ ဗမာလူထု အပါအဝင် တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း လက်ခံလာကြလို့ပါပဲ။ ဖက်ဒရယ်စနစ်ဟာ လူမျိုးစုကြီးတွေနဲ့ လူမျိုးစုငယ်တွေရဲ့ မမျှတတဲ့ အာဏာခွဲဝေကျင့်သုံးမှု၊ မညီမျှတဲ့ ဘဏ္ဍာခွဲဝေသုံးစွဲမှု ဟန်ချက်ကို ညီမျှအောင် ထိန်းညှိပေးနိုင်တဲ့ တခုတည်းသောစနစ်လို့ အဲဒီလို ရှုမြင်ကြလို့ ဖက်ဒရယ်ကို ကျင့်သုံးဖို့ ရွေးချယ်ခဲ့ကြတာပါ။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်လစ်ဇင် လို့လည်း ခေါ်ပါတယ်။ ဒါပေမဲ့လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလိုက်တာနဲ့ ပြဿနာ ပဋိပက္ခတွေက အကုန်ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။

စိန်ခေါ်မှု

နောက်ဆုံးတချက်က စိန်ခေါ်မှုပါ။

ခင်ဗျားတို့က တကယ်ပဲ ဖက်ဒရယ်ဝါဒကို ကျင့်သုံးဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒီမေးခွန်းကိုကျတော့ ခင်ဗျားတို့ ဖြေရအတော်ခက်ပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ သင်ခန်းစာယူလို့ရနိုင်တဲ့ နိုင်ငံအချို့နဲ့ နှိုင်းယှဉ်လေ့လာကြည့်ရအောင်ပါ။

ပထမ ဘော့စနီးယားရဲ့ ဖက်ဒရယ်ကို ချဉ်းကပ်လေ့လာကြည့်တဲ့အခါ ဘော့စနီးယားရဲ့ ဖက်ဒရယ်က အမေရိကန်ရဲ့ သွတ်သွင်းတဲ့ ဖက်ဒရယ်ပါ။ မြန်မာနဲ့မတူတာက မြန်မာရဲ့ ဖက်ဒရယ်လိုလားချက်က တိုင်းရင်းသားပြည်သူတရပ်လုံးက ကိုယ်တိုင်တိုက်ယူပြီး ပြောင်းလဲကျင့်သုံးမှာ ဖြစ်တဲ့ ဖက်ဒရယ်ပါ။

ဒီနေရာမှာ သတိထားဆင်ခြင်စရာ ရှိပါတယ်။ နိုင်ငံတကာက ဝင်ပါတယ်ဆိုတာ စစ်ရေးကိုပဲ အားပေးတာမျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ကိုပါ အားကောင်းအောင် တပါတည်း လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ အကောင်းဆုံးလားဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဘော့စနီးယားနဲ့ အီရတ်ကို ကြည့်မယ်ဆိုရင် နှစ် ၃၀ ဖြတ်သန်းခဲ့ပေမဲ့လည်း စိန်ခေါ်မှုတွေက များစွာရှိနေတုန်းပါ။

ငြိမ်းချမ်းရေးတည်ဆောက်တဲ့ပုံစံ ပြောင်းသွားတာ။ မြန်မာက ဖက်ဒရယ်ကို ကြည့်တဲ့အခါ အမေရိကန်ကိုကြည့်တယ်၊ ဂျာမနီကိုကြည့်တယ်၊ ဆွစ်ဇာလန်ကိုကြည့်တယ်၊ ဒါပေမဲ့ မြန်မာဟာ အမေရိကန်မဟုတ်ဘူး၊ ဆွစ်ဇာလန် မဟုတ်ဘူး။ မြန်မာရေခံမြေခံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ကို ကျင့်သုံးရမှာပါ။

ဒီနေရာမှာ လူမျိုးကို အခြေခံပြီး ပြည်နယ်လုပ်တာမျိုးလည်း ရှိမယ်။ ပထဝီဒေသ ‌နယ်မြေကို အခြေခံပြီး ပြည်နယ်ဖွဲ့တာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်တော့ လူထုရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျပါတယ်။ အခုအချိန်ထိလည်း တော်လှန်ရေးတပ်တွေက ရန်ကုန်၊ နေပြည်တော်ကို မဆိုထားနဲ့ လွိုင်ကော်တောင် မသိမ်းနိုင်သေးပါဘူး။ မြို့တွေသိမ်းနိုင်နေတိုင်းလည်း တော်လှန်ရေးအောင်မြင်ခြင်းရဲ့ အထွတ်အထိပ်ကို မရောက်သေးပါဘူး။ KNU အမြဲတမ်း ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းကလည်း မြို့သိမ်းတာတွေနဲ့ ပတ်သက်ပြီး လေးနက် သိမ်မွေ့မှုတွေရှိကြောင်း သူ့ရဲ့အင်တာဗျူးတွေမှာ ရှင်းပြထားတာ သတိမူစရာပါ။ နောက်ဆောင်းပါးတွေမှာ အထူးပြုရေးပါဦးမယ်။

ဒါကြောင့်မို့ စစ်ရေးနဲ့ တော်လှန်ရေးကို အဆုံးသတ်ဖို့ထက် တခြားနည်းလမ်းတွေကိုလည်း စဉ်းစားဖို့ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ အာဏာခွဲဝေကျင့်သုံးမှုတွေ၊ နယ်မြေစီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေ ပါပါတယ်။ အပြတ်အသတ် အနိုင်အရှုံးမကွဲရင် အပေးအယူနဲ့ ညှိယူခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့က ညှိနှိုင်းတယ်။ အပေးအယူလုပ်တယ်ဆိုရင် ရန်သူ စစ်ကောင်စီပဲ ပြေးမြင်ကြတာ များတယ်။ အဲဒါက တော်လှန်ရေးအတွက် လုံလောက်တဲ့ တွေးမြင်မှု မဟုတ်ဘူးလို့ပဲ ကျနော်တို့ သတိချပ်စေချင်ပါတယ်။ ဖက်ဒရယ်လစ်ဇင်ကို သွားမယ်ဆိုရင် ဒီထက် အပြန့်ကျယ်တဲ့ တွေးဆချက်တွေနဲ့ ချီတက်ကြဖို့လိုပါမယ်။ ယခင်က တွေးဆ လက်ခံထားချက်တွေထက် ပိုပြီး မြင်ကွင်း (ZOOM) ကို ထပ်ချဲ့ကြည့်ကြဖို့ လိုပါမယ်။

ညှိနှိုင်းဆောင်ရွက်တာဟာ အလျှော့ပေးတာ မဟုတ်သလို ကိုယ့်ရဲ့ မဟာဗျူဟာ တော်လှန်ရေး ရည်မှန်းချက်ကို စွန့်လွှတ်တာလည်း မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဘဝအခြေအနေနဲ့ နိုင်ငံတော် ကြာရှည်မနစ်မနာဖို့ စဉ်းစားအဖြေရှာခြင်းသာ ဖြစ်ပါတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားတဲ့ စာအုပ်ခေါင်းစဉ်လေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။

ဖက်ဒရယ်လစ်ဇင်ကို ခရီးဆက်ဖို့ ကျနော်တို့ ဟင့်အင်းကို ကျော်ဖြတ်ကြပါစို့လား...။

အရေးတော်ပုံ မုချအောင်ရမည်။

ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရမည်။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013