DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့ထဲတွင် တိုက်ပွဲပြင်းထန်နေ   
DVB
·
July 24, 2024
လားရှိုးမြို့ထဲတွင် တိုက်ပွဲပြင်းထန်နေ   
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ထဲ လားရှိုးကြီးအထိ ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းကစ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

‌လားရှိုး ‌ လေယာဉ်ကွင်းအနီးနေမြို့ခံတဦးက “ကျနော့်အိမ်နား အခု တိုက်ပွဲဖြစ်နေတယ်။ ကျနော်တို့တောင် အခု ပုန်းနေရတယ်။ ကျနော်တို့ အိမ်နား ဘက်စုံနားရောက်နေပြီ။ အခုလောလောဆယ် ခြံဝင်းအပြင် မထွက်ရဲဘူး။ အထဲမှာ ပုန်းနေရတယ်” လို့ မနေ့ညနေ ၅ နာရီ ဝန်းကျင်က ပြောပါတယ်။

လားရှိုးလေယာဉ်ကွင်း၊ မီးပွိုင့်၊ လားရှိုးကြီးဈေး၊ လားရှိုးထောင်အနီးက ကောင်းခါးရပ်ကွက်ထဲနဲ့ နမ္မတူလမ်းဆုံ၊ ဘူတာကြား ပါရမီဘက်တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုး ရပ်ကွက် ၁ ဒေသခံတဦးက “ခလရ-၄၁ ကျတယ်ဆိုတာ ၇၀ ရာခိုင်နှုန်းတော့ သေချာတယ်။ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက စစ်သား အယောက် ၂၀ လောက် ရုံးကြီးဘက်၊ မြို့တော်ခန်းမဘက် ဆုတ်လာတယ်။ ကျနော့်သူငယ်ချင်းအိမ်မှာ လာတောင်း‌နေတာတောင် ပေးမနေဘူး။ ဆန်၊ ဆီ ပေးပြီး တခြားနေရာသွားနေဖို့ ပြောလိုက်တာလို့ ပြောတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးတွေကြဲနေပေမဲ့ ဘယ်နေရာဆိုတာ မသိရဘူး၊ လက်နက်ကြီးတွေလည်း နမ္မတူလမ်းဘက် ပစ်ထည့်နေတယ်၊ ရပ်ကွက် ၁ ကနေ လက်နက်သေး ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ပါရမီဘက်လို့ ယူဆရတယ်လို့ သူကပြောပါတယ်။

MNDAA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြင်တွေ့နေရတဲ့ အနေအထားဖြစ်ပြီး ဘယ်လိုမှ မခုခံနိုင်တော့တာကြောင့် ဆုတ်ခွာလာတယ်လို့ သိရပြီး ခလရ ၄၁ ကျသွားရင်တောင် စစ်ကောင်စီဘက်က လေကြောင်းဗုံးနဲ့ အတွဲလိုက်ဒုံး‌တွေ တရစပ်ပစ်ထည့်တာကြောင့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စခန်းချ နေထိုင်လို့ရမယ့် အနေအထားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

လားရှိုးကနေ နမ္မတူဘက် အထွက်လမ်းပေါ်က နောင်လိုင်ရွာမှာတော့ ဇူလိုင် ၂၃ ရက် မနက် အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က လားရှိုး ဆင်တောင် စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျကွဲလို့ အိမ်စောင့်ကျန်ခဲ့တဲ့ မေတ္တာဖောင်ဒေးရှင်းက ယာဉ်မောင်းတဦး အပါအဝင် ဒေသခံ အမျိုးသား ၃ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ နောင်လိုင် ဒေသခံတဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံတဦးကတော့ ခလရ ၄၁ က ကာကင်းတခု ကျသွားတယ်လို့ သိရပြီး လားရှိုး‌ထောင် ပွင့်သွားတယ်ဆိုတာတော့ လောလောဆယ် မဟုတ်သေးဘူးလို့ ပြောပါတယ်။

လားရှိုး ရပ်ကွက် ၅ ဒေသခံတဦးက  “ရပ်ကွက် ၅ ကျနော့်အိမ်နား လက်နက်ကြီးထပ်ကျလို့ အိမ်တံခါးတွေ ကျည်ပေါက်ရာတွေပဲ ဖြစ်ကုန်ပြီ။ ရပ်ကွက် ၅ မှာလည်း အိမ်စောင့်တွေ ရှိနေသေးတယ်။ အများကြီးပဲ” လို့ ပြောပါတယ်။

ရပ်ကွက် ၅ ရဲ့ ‘ဝ’တိုင်းရင်းသားတွေ နေထိုင်တဲ့ ဘက်ခြမ်းမှာတော့ အရင်အပတ်တွေ ကတည်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တချို့နေရာတွေမှာ မြို့စည်းရိုးထဲ နင်းနိုင်ပြီဖြစ်ပြီး မြို့ပတ်ပတ်လည် စည်းရိုးခွနိုင်လို့ရှိရင် မြို့ထဲ တပြိုင်တည်းဝင်မယ့် အနေအထား ရှိတယ်လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေကတော့ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင် ၃ ရက် မနက်ကတည်းက လားရှိုးမြို့ထဲ ၄ ယောက်၊ ၅ ယောက် စသဖြင့် လူစုခွဲကာ လမ်းလျှောက်ဝင်လာနေတာကို တွေ့ရတယ်လို့ ၆၈ တပ်အနီး ကောင်းဟုန်းရွာကနေ ရှောင်ပြေးလာတဲ့ ကားသမားတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လားရှိုးကို လက်လွှတ်ရမယ်ဆိုရင် ရစရာမရှိအောင် လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးပစ်မှာကို စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013