DVB Logo
Home
မြန်မာသတင်း
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု  ၂ နှစ်ပြည့်၊ အာဏာရှင်ကြောင့် အသက်ဆုံးခဲ့သူများကို ဂုဏ်ပြု
DVB
·
July 23, 2024
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု  ၂ နှစ်ပြည့်၊ အာဏာရှင်ကြောင့် အသက်ဆုံးခဲ့သူများကို ဂုဏ်ပြု
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို စစ်အာဏာရှင်က ကွပ်မျက်ခဲ့တာ ၂ နှစ်ပြည့်မြောက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အမှတ်အသားပြုကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ထားတဲ့ အမေရိကန်သံရုံးထဲက ကျဆုံးသူတွေရဲ့ အမှတ်တရအထိမ်းအမှတ်နေရာမှာ ဒီကနေ့အထိ ကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းက စတင်ပြီး တဟုန်ထိုးမြင့်တက်လာတဲ့ မြန်မာ နိုင်ငံအတွင်းက ပဋိပက္ခတွေမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအားလုံးအတွက် ပူဆွေးသောက ရောက်ရကြောင်းလည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုက မတရားကွပ်မျက်သတ်ဖြတ်မှု ၂ နှစ်ပြည့်တဲ့  ဒီကနေ့မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခုလိုအမှတ်တရ ရေးသားမျှ ဝေထားခဲ့တာကို တွေ့ရပါတယ်။

“ ၂ နှစ်ပြည့်ခဲ့ပြီသူငယ်ချင်းတို့ရေ...။ အဲဒီ့ညက အခုလိုပဲ မိုးတွေသည်းသည်းမည်းမည်းရွာခဲ့ပေါ့။ ငါကိုက အတာပါ။ မျက်ရည်တွေလို့ မထင်ခဲ့မိဘူးလေ။ လောလောလတ်လတ်အိမ်နဲ့ Video call စကားပြော၊  စာအုပ်တွေမှာ၊ စျေးဝယ်ပိုက်ဆံသွင်းခိုင်းခဲ့တဲ့ မင်းတို့လည်း ထင်မှာမဟုတ်ဘူးလေ။ ည ၉ နာရီကျမှ မနက် ၃ နာရီ စီရင်မယ့် အကြောင်းသိရတဲ့မင်းတို့ရဲ့ ရင်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာကို ငါတွေးတိုင်းစိတ်အရမ်းထိခိုက်ရတယ်။ သူငယ်ချင်းတို့ရေ။ အဲဒီ့ညတွေမှာ ငါအိပ်လို့မရခဲ့ဘူး။ အခုလား...အိပ်ရေးပျက်နေတုန်းပါပဲ။ မမေ့နိုင်ဘူးလေ။ အိပ်မက်ဆိုးတွေကြားထဲမှာ ဘယ်လိုလုပ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာတုန်း။ အိပ်ရေးဝတဲ့သူ ရှားပါတယ်ကွာ။ ဒဏ်ရာတွေအထပ်ထပ်ရခဲ့တယ်ဆိုတာ တကယ်တော့ ဘာမှခံစားလို့ ကောင်းတာ မဟုတ်ဘူးလေ။ ရှောင်လွဲမရလို့ ထွေးပိုက်ရတာကိုး....။ အနာတွေလည်း ကျက်ချင်ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ငါမင်းတို့ကို ဘယ်တော့မှမမေ့ပါဘူး။ ကောင်းရာမွန်ရာမှာ သာမင်းတို့ ငြိမ်းချမ်းနေမယ်ဆိုတာ ယုံကြည်ပါတယ်။ ကောင်းရာသုဂတိလားပါစေ သူငယ်ချင်းတို့ရေ.....။

စစ်အုပ်စုက မတရားကွပ်မျက်သတ်ဖြတ်မှု ၂ နှစ်ပြည့်တဲ့  ဒီကနေ့မှာ ကိုဂျင်မီရဲ့ ဇနီးဖြစ်တဲ့ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ခုလို ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

ဂျင်မီ (သို့မဟုတ်) အချိန်ရဲ့နတ်သား

နှလုံးသား လေးတော်တင်ခိုက်

အမြင့်ဆုံး လွင့်ပျံထွက်

ကောင်းကင်ယံထက်

အလင်းလက်ဆုံးကြယ်စင်

စကြာဝဠာတိုက်တသောင်း

ထိန်စေငြီးစေသား...

ဘာမထီဇာနည်ပေမို့

ထီမထင် ပြုံးတချက်

ခွန်အားကိုဖြစ်စေလိမ့်...

ယုံကြည်ချက်ရဲ့စကားသံ

ဥဒါန်းကိုကျူး....

တရားတဲ့သူသာ နိုင်ကြေးဟေ့

တရားတဲ့သူသာ နိုင်ကြေးဟေ့

တရားတဲ့သူသာ နိုင်ကြေးဟေ့!!!

ဘဒ္ဒကမ္ဘာ

၂၃-၇-၂၄

ကိုဂျင်မီတို့ မိသားစု၀င်တွေကတော့ ဒီနေ့အထိ ထောင်က တရား၀င် အကြောင်းကြားတာမရှိသေးသလို သူတို့ကိုယ်တိုင်ကလည်း ကိုဂျင်မီ သေဆုံးသွားတာကို ဒီနေ့အထိ အသိအမှတ်မပြုဘူးလို့ မိသာစုဝင်တဦးက ပြောပါတယ်။

ကိုဂျင်မီယောက်ဖ ကိုဇော်ဇော်အောင်က “ကိုဂျင်မီ ညီမပေါ့ အဲ့ဒိနေ့မတိုင်မှီ ၃-၄ လောက်မှာ သူတို့ကလာခေါ်လို့သွားတွေ့တယ်။ အင်းစိန်ထောင် ထောင်ပိုင်ရုံးခန်းမှာ ဗွီဒီယိုကောနဲ့ပေါ့၊ နောက် တနင်္လာ၊ အင်္ဂါလောက်မှာ သတင်းကြားလို့ သွားမေးမြန်းကြတာ။ ကိုဇေယျာသော့် အမေလည်းပါတယ်။ သူတို့ဘက်ဘာမှ ပြန်မဖြေဘူး။ အတည်ပြုချက်လည်း မပေးဘူး။ ဒါကြောင့်မလို့ မိသားစုဝင်တွေ အနေနဲ့လည်း အတည်ပြု မထားဘူးပေါ့နော်။ အဲ့ဒါကြောင့်မလို့ ကျနော်ကတော့ အဲလိုပဲ မိသားစုအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း အတည်ပြုချက်မယူထားဘူး သူတို့ဘက်ကလည်း မသေချာဘူးပေါ့နော်”လို့ ပြောပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့  အာဏာရှင်ဆန့်ကျင် ဒီမိုကရေစီရေးလှုပ်ရှားသူကို အောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက အကျဉ်းထောင်တွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၄ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ် လိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ရာမှာ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ၊ ဖောက်ခွဲမှုတွေမှာ ပါဝင်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ ဆက်သွယ်ခဲ့လို့ဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၅ ရက်မှာတော့ သူတို့ကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေဒဏ် စီရင်ပြီးကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး မိသားစုဝင်တွေက အကျဉ်းထောင် အာဏာပိုင်တွေဆီ သွားရောက်မေးမြန်းခဲ့ရာမှာလည်း ပြစ်ဒဏ်စီရင်ပြီးတာ အတည်ဖြစ်ကြောင်း တုံ့ပြန်စကားရရှိခဲ့ကာ စီရင်ခဲ့တဲ့ ရက်အတိအကျ မပြောကြားခဲ့ပဲ ရုပ်အလောင်း၊ အရိုးပြာတွေပေးပို့တောင်းခံခဲ့ရာမှာလည်း လက်မခံ ပယ်ချခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013