DVB Logo
Home
မြန်မာသတင်း
မိုးညိုနှင့် ဟင်္သာတက ရေဘေးသင့်ပြည်သူထောင်နှင့်ချီ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
July 20, 2024
မိုးညိုနှင့် ဟင်္သာတက ရေဘေးသင့်ပြည်သူထောင်နှင့်ချီ အရေးပေါ်အကူအညီ လိုအပ်နေ
1 / 9
Donate to DVB

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ ထောင်နဲ့ချီတဲ့ရေဘေးသင့်ပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုမှာလည်း ဧရာဝတီမြစ်ရေလျှံလို့ လူနေအိမ် ၁၅၀ ထက်မနည်းက ဒေသခံတွေ ရွှေ့ပြောင်းနေကြရပါတယ်။

မိုးညိုမြို့နယ်မှာ ဇူလိုင် ၁၅ ရက်ကစလို့ မြစ်ရေတက်လာခဲ့ပြီး အခုတော့ စိုးရိမ်ရေမှတ်အထက် ၃ ပေအထိ ရောက်နေတာပါ။

ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က “မြစ်ရေက စိုးရိမ်ရေအမှတ်ထက် ၃ ပေကျော်အထိမြင့်တက်လာတော့ အနီးအနားကကျေးရွာ ၇၀ ကျော် ၈၀ နီးပါးက ဒေသခံတွေက ရေလွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ကြရတယ်။ အရင်ရက်တွေကတည်းက ကြိုတင်ပြီး ရွှေ့ပြောင်းနိုင်ကြတဲ့သူတွေရှိသလို အခု နေလို့မရအောင် ရေတွေဝင်လာမှ ပြောင်းကြတဲ့သူတွေလည်းရှိတယ်” လို့ DVB ကို ပြောပါတယ်။

မိုးညိုမြို့နယ်အတွင်းကနေ ဧရာဝတီမြစ်နဲ့ မြစ်ခမြစ်တို့ဖြတ်သန်းစီးဆင်းနေပြီး ဇူလိုင် ၁၅ ရက်နေ့ကစလို့ မြစ်ရေတွေတိုးလာတာကြောင့် ဇူလိုင် ၁၈ ရက်နေ့မှာတော့ စိုးရိမ်ရေအမှတ်အထက် ၃ ပေ အထိမြင့်တက်လာပြီး အနီးအနားကကျေးရွာတွေနဲ့ တောင်ယာစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတယောက်က “ဒီနားကရွာတွေက ရေဘေးရှောင်ကြရတာ ဘယ်နည်းမလဲ။ သောင်းချီတာပေါ့။ လူတွေတင် တသောင်းနီးပါးရှိတယ်။ နွားတွေ၊ ဝက်တွေ၊ စားစရာတွေနဲ့ ကျနော်တို့ ရေဘေးရှောင်လာတာ ၁၆ ရက်နေ့ မနက်ကတည်းကပါ။ နောက်ထပ်ရက်တွေ ထပ်ရှည်ဦးမှာဆိုရင်တော့ မလွယ်ပါဘူး။ စားစရာမရှိတော့ဘူး။ ဟာလာဟင်းလင်းနဲ့ ဖြစ်သလိုနေကြရတော့ အသက်ကြီးတဲ့သူတွေနဲ့ ကလေးသူငယ်တွေ ကျန်းမာရေးတွေစိုးရိမ်ရတယ်။ အခုထိတော့ ပရဟိတသမားတွေကလွဲလို့ ဘယ်ကမှလာမကူညီသေးပါဘူး” လို့ ပြောပြပါတယ်။

မြစ်ရေကြီးနစ်မြုပ်လို့ ဒေသခံပြည်သူတွေရဲ့ နှမ်းစိုက်ခင်းတွေအပါအဝင် တခြား တောင်ယာစိုက်ခင်းဧကပေါင်း ၂၀,၀၀၀ နီးပါး ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ရေနစ်မြုပ်နေတဲ့ရွာတွေထဲက ငါးကျီး၊ ဆင်မနိုင်၊ ပဲဆိပ်၊ ဘိသလွန်၊ စိန်တိုင်၊ ကျွန်းညို၊ ဆင်ခေါင်း၊ ပြည်တော်သာ၊ ပဒေသာကျွန်း၊ ဘုရားကြီးကုန်း၊ မန်ကျည်းကုန်း၊ တိုက်ကြီးကုန်း၊ တော်တလုပ်၊ တောင်ယာဖျား၊ ထန်းပင်ကုန်း၊ ထိန်ကုန်း၊ ရေကင်း၊ ရေချမ်းအိုး၊ ရွှေခဲ၊ ရှစ်ကွက်၊ လက်ပံခုံ၊ ဟင်္သာချောင်၊ အင်းဘွားကြီး၊ အောင်ချမ်းသာ အစရှိတဲ့ကျေးရွာတွေဟာ ရေကြီးရေလျှံမှုကို အဆိုးရွားဆုံးခံစားနေကြရပြီး ရေဘေးသင့်ပြည်သူတွေဟာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုမှာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံလို့ လူနေအိမ် ၁၅၀ ထက်မနည်းက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်နေတက်ပြီး အိမ်တွေမြုပ်လာလို့ ဇူလိုင် ၁၆ ရက်ကနေ  ၁၉ ရက်အထိ အိပ်ပျက်၊ ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်၊ အုန်းတော စတဲ့ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်တဲ့နေရာဆီ ပြောင်းရွှေ့ပေးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတယောက်က “ရေဘေးကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေကိုပြောင်းရွှေ့ရတာပါ။ ပြောင်းတဲ့ ရွှေ့တဲ့အလုပ်တွေကို လူမှုကူညီရေးအဖွဲ့တွေနဲ့အခြား မိတ်ဖက်အဖွဲ့တွေက ကူညီရွှေ့ပြောင်းပေးထားတယ်။ ဧရာဝတီမြစ်ရေအခြေအနေ အတော်ဆိုးတယ်” လို့ ပြောပါတယ်။

လူနေအိမ်အလုံး ၁၅၀ ထက်မနည်းက လူအယောက် ၅၀၀ ကျော်ဟာ ရေဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မြစ်ရေကလည်း တအားကိုထိုးတက်နေတာ။ ဆက်နေလို့ မရတဲ့အခြေအနေမို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းနေရတာ။ သက်ဆိုင်ရာကလည်း ရွှေ့ဖို့ တခုပဲပြောတာ။ အကူအညီ မလာသေးဘူး” လို့ ပြောပါတယ်။

ပြောင်းရွှေ့ရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေရတာမဟုတ်ဘဲ ကမ်းပြိုဘေးလွတ်တဲ့ တာဘောင်တွေပေါ် ယာယီရွှေ့နေရတာကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013