
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၇၉ ကျောင်းအထိ ပိတ်လိုက်ရတယ်လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီမြစ်ရေ ဝင်ရောက်လာတာကြောင့် မိုးညိုမြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်း ၈ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂၆ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၄၅ ကျောင်း စုစုပေါင်း အခြေခံပညာ ၇၉ ကျောင်းကို သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ စတင်ပိတ်လိုက်ရတာလို့ ဆိုပါတယ်။
တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူက “မိုးသည်းထန်မှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာတာ။ အခြေအနေ စောင့်ကြည့်ခဲ့ပါသေးတယ်။ ရေဝင်ရောက်မှုများလာလို့ မဖြစ်မနေ ပိတ်ရမဲ့ကျောင်းတွေကို ပိတ်ခဲ့တာ” လို့ ပြောပါတယ်။
အခြေခံပညာကျောင်း ၇၉ ကျောင်းကို လတ်တလောအနေနဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး မြစ်ရေဝင်ရောက်မှု အခြေအနေကို စောင့်ကြည့်ကာ သန့်ရှင်းရေးလုပ်ငန်းတွေ စုပေါင်းလုပ်ဆောင်ပြီး ကျောင်းတွေ ပြန်ဖွင့်ရက်ကို ထပ်မံစီစဉ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
စာသင်ကျောင်းတွေ ပိတ်ထားမဲ့ရက်အတွင်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ခန်းစာတွေ နောက်မကျစေဖို့ အစားထိုးစာသင်ရက် သတ်မှတ်ပြီး ပြန်လည်ဖွင့်လှစ် သင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။











