DVB Logo
Home
မြန်မာသတင်း
Blacklist ဝန်ထမ်းများ တာဝန်ပြန်ထမ်းရန် စစ်ကောင်စီက ဖိတ်ခေါ်သည့်ပေါ် CDM များ အယုံအကြည်မရှိ  
DVB
·
July 15, 2024
Blacklist ဝန်ထမ်းများ တာဝန်ပြန်ထမ်းရန် စစ်ကောင်စီက ဖိတ်ခေါ်သည့်ပေါ် CDM များ အယုံအကြည်မရှိ  
Donate to DVB

Blacklist အမည်ပျက်စာရင်းပါတဲ့  နိုင်ငံ့ဝန်ထမ်းတွေကို ဖြေလျှော့ပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့  ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်မှုမရှိသလို လှည့်စားမှုသာဖြစ်တယ်လို့ အာဏာဖီဆန် CDM ဝန်ထမ်းအသိုက်အဝန်းနဲ့  အဖွဲ့အစည်းတွေက ပြောပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန်မှာ စစ်ကောင်စီဘက်ကနေ အမည်ပျက်စာရင်းသွင်းခံ ထားရတဲ့ နိုင်ငံဝန်ထမ်း CDM တွေကို ပြန်လည်တာဝန်ထမ်းဆောင်ပါက  အမည်ပျက်စာရင်း blacklist ကနေ ဖြေလျော့ပေးမယ်လို့ ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ စစ်မှုထမ်းဖို့လူလိုနေတာကြောင့်ဖြစ်နိုင်သလို  ဝါဒဖြန့်ဖို့လည်းဖြစ်နိုင်ပြီး အချိန်မရွေး ပြန်လည်ဖမ်းဆီးခံရနိုင်တယ်လို့ CDM စစ်ဘက်ဆိုင်ရာ ဆရာဝန်တဦးက ပြောပါတယ်။

“စစ်ကောင်စီ ပြန်ခေါ်တာကို ဟာသပဲလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အစကတည်းက စစ်ကောင်စီ အာဏာသိမ်းတာ အာဏာလုတာကို မကြိုက်လို့  ဒီတာဝန်ကနေ ထွက်လာခဲ့ပြီ။ ဒီဆန္ဒပြတဲ့လူတွေက ကျနော်တို့က ပြန်လာမှာ မဟုတ်ဘူး။ သူတို့ပြုတ်သွားမှပဲ ပြန်လာမှာ။ လက်ခုပ်ထဲက ရေဖြစ်ဖို့ ပြန်ခေါ်တာလည်း ဖြစ်နိုင်သလို ပြန်လာတဲ့ CDM တွေထဲမှာလည်း သူတို့ အရေးယူချင်တဲ့သူတွေကိုဆိုလည်း အချိန်မရွေး အရေးယူနိုင်တာမျိုး ဖြစ်တာပေါ့။”

နာမည်ပျက်စာရင်းသွင်းခံထားရပြီး ၃ နှစ်ကျော်ကြာ CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းဆရာ တဦးကလည်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောပါတယ်။

“၃ နှစ်လုံးလုံး ကိုယ့်ကို blacklist  သွင်းပြီးတော့ ဘယ်မှလည်း သွားမရ လာမရ ခက်ခက်ခဲခဲ နေလာပြီးတော့မှ အခုလို အခြေအနေကျတော့မှ သူတို့ ပြန်ခေါ်မယ်ပေါ့။ ပြန်လာခဲ့ပါ ဘာညာ ဆိုတာကတော့ ဘယ်လိုမှကို စိတ်ကူးမရှိဘူး။ သူတို့ရူးနေလို့ ပြန်ခေါ်တာဖြစ်မှာ။ ဘယ် CDM ကမှလည်း ပြန်သွားဖို့ မရှိဘူးလို့ကျနော်ကတော့ မြင်ပါတယ်။”

စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံအတွက် လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေတဲ့အတွက်နဲ့ ကာယကံရှင်တွေရဲ့ လူမှုဘဝတွေ နစ်နာနေတဲ့အတွက် ပြန်ခေါ်တာဖြစ်တယ်လို့ ပါရှိပါတယ်။

ထုတ်ပြန်ချက်ပါ အရေးအသားတွေက ယုံကြည်စရာမရှိတဲ့အပြင် အချက်အလက်တွေလည်း သေချာဖော်ပြထားတာ မရှိတဲ့အတွက် ကြောက်စရာကောင်းတဲ့ လှည့်စားမှု တခုဖြစ်တယ်လို့  ပထမအကြိမ် CDM နိုင်ငံဝန်ထမ်းထုညီလာခံ (ကြားကာလအကောင်အထည်ဖော်ရေးအဖွဲ့) က ဒေါက်တာ လွမ်းဝေက သုံးသပ်ပြောပါတယ်။

“အချက်အလက်အားဖြင့် ပြောတယ်ဆိုတဲ့နေရာမှာ နံပါတ် တစ် blacklist က ပြန်ပြီးဖျက်ပေးမှာလား။ နံပါတ်နှစ်အချက် ဒီလူတွေကို အလုပ်ပြန်ခန့်မှာ သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ လုံခြုံမှာတခုနဲ့ ပြန်ပြီး လုပ်ခွင့်ပေးမှာလား။  နံပါတ်သုံးအချက် လက်ရှိဖြစ်နေတဲ့ စစ်မှုထမ်းနဲ့ရော ဘယ်လိုမျိုး ဆက်စပ်မှု ရှိမှာလဲ။ နံပါတ်လေးအချက် လူမှုဘဝ ဆုံးရှုံးနေတာဆိုတာ လူမှုဘဝကို ပြန်လည်ကုစားတာတွေ လုပ်ပေးမှာလားပေါ့၊ စသဖြင့် အဲဒီလို အချက်တွေ ဘာမှ မပါပါဘူး။ မပါဘဲ ဒီစာကို ဒီတိုင်းထုတ်တာ ဖြစ်တဲ့အတွက် အဖမ်းခံရတာမျိုးလည်း ဖြစ်နိုင်တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်တွေအတွက် အသေခံပေးမယ့် လူတွေ အရမ်းလိုနေတဲ့အတွက် ဒီလူတွေကို လိုလားနေတာဖြစ်တယ်။၊ စိတ်စေတနာအားဖြင့်သော်လည်းကောင်း၊ အချက်အလက်အားဖြင့်သော်လည်းကောင်း ဒီစာသည် စစ်မှုထမ်းဥပဒေ သော်လည်းကောင်း သူတို့ရဲ့အကျိုးအမြတ်အတွက် အသေခံပေးမယ့်သူတွေကို စုဆောင်းနေတဲ့ ဖိတ်ခေါ်စာတခုအနေနဲ့ပဲ ကျနော်ကတော့ မြင်တယ်၊ ကြောက်စရာကောင်းတဲ့ လှည့်စားမှု တခုသာ ဖြစ်တယ်။ ဘာမှတော့ ထူးခြားလာမှ မဟုတ်ဘူးပေါ့။”

မြန်မာနိုင်ငံမှာ လက်ရှိ ပညာရေးနယ်ပယ်က CDM ၂ သိန်းလောက်နဲ့ ကျန်းမာရေးနယ်ပယ်က  ၄၅၀၀၀ ကျော်အပါအဝင် မီးရထား မီးသတ်နဲ့ တခြားသော နယ်ပယ်ပေါင်းစုံက နိုင်ငံဝန်ထမ်း CDM ၄ သိန်းလောက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013