DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ရှမ်းမြောက်စစ်ရှောင်များ တည်းခိုနေထိုင်ရန် ခက်ခဲနေ
DVB
·
July 15, 2024
တောင်ကြီးမြို့တွင် ရှမ်းမြောက်စစ်ရှောင်များ တည်းခိုနေထိုင်ရန် ခက်ခဲနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကို ခိုလှုံရောက်ရှိလာတဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရှောင်တွေ ပြည့်နေပြီး တည်းခိုနေထိုင်ဖို့ နေရာထိုင်ခင်း အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ကို ဇူလိုင် ၁၀ ရက် ညနေပိုင်းကစပြီး စစ်ရှောင်ကားတွေ တဖွဲဖွဲ ရောက်ရှိလာပြီး တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အကုန်နီးပါး ပြည့်သလောက်ဖြစ်သွားတဲ့အပြင် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနဲ့ တခြား ယာယီနေထိုင်လို့ရတဲ့ နေရာတွေမှာလည်း ကုန်သလောက်ရှိနေပြီလို့ သိရပါတယ်။

တောင်ကြီးမြို့ခံတဦးက “စစ်ရှောင်တွေ ရုတ်တရက် အများအပြား ရောက်လာကြတာ။ ဘုန်းကြီးကျောင်းတွေမှာလည်း ပြည့်ပြီ၊ လက်ခံစရာနေရာလည်း မရှိတော့ဘူး။ အိမ်ငှားခတွေလည်း ချက်ချင်းကြီး စျေးတက်သွားတယ်။ တောက်လျှောက်နီးပါးကို ဝင်နေတာ။ ဟိုတယ်တခုမှာလုပ်တဲ့ သူငယ်ချင်းဆို သူတို့ဆီမှာ ဒီတပတ်အတွင်း အခန်းတွေ အကုန်ပြည့်သွားတယ်တဲ့။ တချို့စစ်ရှောင်ဆို အိမ်ငှားတောင်မရသေးဘူး၊ လွတ်နေတဲ့မြေမှာ မြေပိုင်ရှင်တွေက တဲထိုးပြီး နေခိုင်းရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ရှမ်းတောင်တကြောဖြစ်တဲ့ တောင်ကြီး၊ အေးသာယာ၊ အောင်ပန်း၊ အင်းလေးဒေသတဝိုက်မှာ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင် ပြည်သူတွေနဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေ အပြည့်ရှိနေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ရောက် လားရှိုးစစ်ရှောင် အမျိုးသမီးတဦးက “ကျမတို့က မိသားစုအလိုက် ရောက်လာတာ။ အိမ်ငှားက ချက်ချင်းမရဘူး။ ဘုန်ကြီးကျောင်းတွေမှာလည်း လက်မခံတော့လို့ တောင်ကြီးမြို့ လမ်းဘေး ကားပေါ်မှာ ၃ ည အိပ်ခဲ့ရတယ်။ ကံကောင်းလို့ ကိုယ်ပိုင်ကားရှိတယ်။ အိမ်ငှားရတော့လည်း အိမ်ရှင်က ဒီအိမ်မှာ လူ ၈ ယောက်ထက်ပိုပြီး မနေရဘူး စသဖြင့် စည်းကမ်းချတာရှိတယ်။ အိမ်ငှားခကလည်း လိုင်းပေါ်တင်ထားတာကျ တလ ၃ သိန်း၊ တကယ်သွားငှားတဲ့အချိန်ကျ တလ ၅ သိန်းတောင်းတယ်။ ၆ လလည်း စာချုပ် ချုပ်ရသေးတယ်။ ကိုယ်တွေက စစ်ရှောင်လေ နော်၊ အဲလောက်တော့ မဖြစ်သင့်ဘူး။ စစ်ရှောင်အပေါ် အမြတ်ထုတ်ချင်တာ များတယ်။ အကုန်လုံးကိုတော့ မဆိုလိုပါဘူး။ တချို့ကျတော့ ကူညီတာလည်း ရှိပါတယ်။ စစ်ရှောင်ဆိုမှတော့ ငွေရေးကြေးရေး အဆင်မပြေတာက များတယ်လေ နော်။ အဲလိုကျ စာနာဖို့သင့်တယ်” လို့ ပြောပါတယ်။

အခု ရှမ်းတောင်ဘက်ရောက် စစ်ရှောင်တွေဟာ အဝင်အထွက် များနေဆဲဖြစ်လို့ စာရင်းအတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

လားရှိုးမြို့ပေါ် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ကင်းရာ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်ဆန်၊ ကလော၊ တောင်ကြီး၊ အောင်ပန်း စတဲ့ မြို့တွေကို ရောက်ရှိနေကြပြီး စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ စတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013