DVB Logo
Home
မြန်မာသတင်း
အိန္ဒိယအကျဉ်းသားများလွတ်မြောက်ရေး အိန္ဒိယဝန်ကြီးနှင့် စစ်ကောင်စီဝန်ကြီးတို့ ဆွေးနွေး
DVB
·
July 15, 2024
အိန္ဒိယအကျဉ်းသားများလွတ်မြောက်ရေး အိန္ဒိယဝန်ကြီးနှင့် စစ်ကောင်စီဝန်ကြီးတို့ ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အိန္ဒိယအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက နယူးဒေလီမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုခဲ့တာလို့  ANI အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဝန်ကြီး ဂျိုင်ရှန်ကာက အရေးကြီးတဲ့ ကိစ္စရပ်ပေါင်းများစွာမှာ အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးပေး ပြောကြားခဲ့တဲ့အကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ “ဘင်းမ်စတက် အစည်းအဝေးမှာ ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နေရပ်စွန့်ခွာသူတွေ စီးဆင်းမှုဆိုင်ရာ ကိစ္စရပ်တွေကို မျှဝေခဲ့သလို တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ရေး ကိစ္စတွေနဲ့ သောင်းကျန်းသူအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း” မျှဝေထားခဲ့တာကို‌ တွေ့ရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း  ဝန်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ဟာ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့အကြောင်းထုတ်ပြန်ထားပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုလုပ်ငန်းတွေ၊ နယ်စပ်ဒေသတလျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဂျိုင်ရှန်ကာက ထုတ်ဖော်ပြောဆိုခဲ့တဲ့ အရေးပါတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်ဂိုဏ်းတွေက အိန္ဒိယလူမျိုးတွေကို ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ အကြောင်းဖြစ်ပြီး “တရားမဝင် ဖမ်းဆီးခံထားရတဲ့ အိန္ဒိယလူမျိုးတွေ စောစီးစွာ ပြန်လာနိုင်ရေးအတွက် ပြင်းပြင်းထန်ထန် ဖိအားပေးထားကြောင်း” ဖော်ပြထားသလို သူတို့ရဲ့ နိုင်ငံသားတွေကို ဥပဒေမဲ့ ဖမ်းဆီးခြင်းက လွတ်မြောက်ရေးအတွက် အိန္ဒိယရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် နယ်စပ် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေရတာတွေလည်း တိုးမြင့်နေတာပါ။

တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို နေရပ်ပြန်လည်ပို့ဆောင်မှုတွေကို အသုတ်လိုက်ခွဲ လုပ်ဆောင်နေတာကိုလည်း အခုနှစ်တွေထဲ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

Source-ANI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013