DVB Logo
Home
ဆောင်းပါး
အပယ်ခံ မင်းအောင်လှိုင်၏ နောက်ဆုံးရက်များ စတင်ရေတွက်ခြင်း
DVB
·
July 15, 2024
အပယ်ခံ မင်းအောင်လှိုင်၏ နောက်ဆုံးရက်များ စတင်ရေတွက်ခြင်း
Donate to DVB

အာဏာရှင်ထံ သစ္စာခံခဲ့တဲ့ စစ်အကြမ်းဖက်တပ်ဟာ မြန်မာပြည်သူလူထုရဲ့ အပယ်ခံဘဝကို ရောက်ခဲ့ရတာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို လုယူပြီး လက်နက်မဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်ပစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစ ရေတွက်ရင် အခုဆို ၃ နှစ်ကျော်သွားပြီးခဲ့ပါပြီ။ သူတို့ရဲ့ ဇွတ်အုပ်ချုပ်မှုကို မခံကြဘဲ လူမှုရေးအပြစ်ဒဏ် ခတ်ရုံသာမက ရရာလက်နက်စွဲကိုင်ပြီး ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတာမို့ ဈေးထွက်မဝယ်ရဲ၊ လက်ဖက်ရည်ဆိုင် မထိုင်ရဲ၊ ကွမ်းယာ မဝယ်ရဲ၊ လူတောမတိုးရဲတော့ဘဲ တပ်ထောင်အတွင်း အပယ်ခံ အကျဉ်းစံဘဝကို သက်ဆင်းခဲ့ကြရပါတယ်။

အာဏာရမ္မက် ငမ်းငမ်းတက်ပြီး မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ သမ္မတရူး စစ်ဓားပြ ဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြည်တွင်းက ပြည်သူအများစုကလည်း ဝိုင်းပယ်ခြင်းခံရရုံသာမက နိုင်ငံတကာကလည်း အသိအမှတ်မပြု၊ လူလူသူသူ ဆေးဖော်ကြောဖက် လုပ်မယ့်သူလည်း မရှိ၊ ဘယ်အစည်းအဝေး၊ ဘယ်အခမ်းအနားမှ ဖိတ်ကြားခြင်း မခံရတော့ပါဘူး။

အဲဒါထက် ပိုဆိုးဝါးတာကတော့ စစ်‌ထောက်ခံသူ အပယ်ခံ စစ်အသိုင်းအဝိုင်းတွေ ကိုယ်တိုင်က ကိုယ်ဘာလုပ်လုပ် အရာရာမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရတာမို့ သူ့ကို ကြိုက်နှစ်သစ်မှု၊ လိုလားမှု မရှိကြတော့ဘဲ သူ့အသံလည်း မကြားချင်၊ သူ့ရုပ်လည်း မမြင်ချင်ကြတော့ဘဲ အပယ်ခံတွေရဲ့ အပယ်ခံအရှုံးသမား၊ အပယ်ခံ ဧတင်္ဂထိပ်ခေါင်တယောက်အဖြစ်ဘဝနဲ့ ဘဝဇာတ်သိမ်းဖို့ တနေ့တခြား နီးကပ်လာပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံးအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြဲတမ်း သက်ဆိုးရှည်စေလိုပြီး ကိုယ်ကျိုးစီးပွား အထိခိုက်မခံလိုတဲ့ တရုတ်အာဏာပိုင်တွေကိုယ်၌က အပယ်ခံလူဆိုးဗိုလ်ကို မလိုလားတော့တာမို့ အရင်စစ်အာဏာရှင်အို ကြောင်ချီးသိန်းစိန်ကို တရုတ်နိုင်ငံထိ ဖိတ်ကြားခေါ်ယူပြီး မင်းအောင်လှိုင်ရဲ့ သမ္မတရူးအိပ်မက်ကို လက်လျှော့လို့ အာဏာစွန့်လွှတ်ဖို့ နားချခိုင်းလာရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ရပါပြီ။

လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါကျွမ်းပြီး ဆေးမမီတော့တဲ့ စစ်ရှုံးတပ်ရဲ့ ယိမ်းယိုင်မှု၊ နိုင်ငံတွင်း ကသောင်းကနင်း အခြေအနေအရပ်ရပ်ကို ကြည့်လိုက်ရင် သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ပြည်သူသတ် အာဏာရူး မင်းအောင်လှိုင်ရဲ့ နောက်ဆုံးနေ့ဟာ စစ်အကြမ်းဖက်တပ်ထက် ပိုစောလျင်စွာ ကျရောက်လာတော့မယ်လို့ သေချာပေါက် ပြောနိုင်ပါပြီ။ ပြည်သူက လက်မခံ၊ သူ အားကိုးရာ ရှီကျင့်ဖျင်ကလည်း လက်မခံ၊ ဇာတ်တူသား အစားလွန်တာရယ်၊ အရာရာ အရှုံးတွေရဖို့သာ ဦးဆောင်နေတာမို့ သူ့တပ်တွင်းကပါ လက်မခံတော့တဲ့ အပယ်ခံ မကောင်းဆိုးဝါးတကောင်ရဲ့ နိဂုံးဟာ လပိုင်းအတွင်းလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ စစ်အခွင့်ထူးခံ အာဏာရှင်အသိုင်းအဝိုင်းဟာ နိုင်ငံနဲ့ပြည်သူကို အပယ်ခံတိုင်းပြည် ဖြစ်အောင်၊ အပယ်ခံနိုင်ငံသားတွေဖြစ်အောင် လုပ်ခဲ့ကြရင်း သူတို့ကိုယ်တိုင် အပယ်ခံဘဝနဲ့ အဆုံးသတ်ရမယ့် အခြေအနေကို ဆိုက်လာခဲ့ကြရတာ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာလု မူလပထမ စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထက်ကစလို့ တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးပြီး ပြည်သူလူထုကို အမှောင်ပိတ်ပြီး နိုင်ငံတကာအပယ်ခံ အထင်အမြင် အသေးခံဘဝကို တွန်းပို့ခဲ့ကြတာပါ။

၁၉၈၈ အာဏာလု ဒုတိယစစ်အာဏာရှင်မျိုးဆက် လက်ထက်မှာလည်း တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ကုပ်သွေးစုပ် လုယက်ချမ်းသာအောင်လုပ်ရင်း နိုင်ငံနဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်လို့ အပယ်ခံဘဝ၊ နင်းပြားဘဝမှာ ဆက်ထားနိုင်အောင် စစ်ဖိနပ်နဲ့ တက်နင်းထားခဲ့ကြတာပါပဲ။ မြန်မာနိုင်ငံသားတွေဟာ ဘယ်သွားသွား၊ မြန်မာနိုင်ငံသား ပတ်စ်ပို့ဟာ မထင်သေးခံ၊ အပယ်ခံ၊ အနှိမ်ခံခဲ့ကြရသလို အဲဒီလိုအဖြစ်ကိုရောက်အောင် ကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေကိုယ်တိုင်ဟာ နာမည်ဆိုးနဲ့ ကမ္ဘာ့အပယ်ခံ နိုင်ငံ့မကောင်းဆိုးဝါးကောင်တွေအဖြစ် သတ်မှတ်ခံရတာမို့ နိုင်ငံအပြင် မထွက်ရဲတဲ့အပြင် ပြည်တွင်းမှာတောင် ခိုးကြောင်ခိုးဝှက် သွားလာရပြီး အခုဆို ၆ လုံးတန်း အိမ်ရာအကျဉ်းထောင်တွေထဲ အိမ်တွင်းပုန်း အပယ်ခံဘဝနဲ့ အကျဉ်းရုံး နေထိုင် အသက်ရှင်နေကြရတာ မဟုတ်လား။

အခုလက်ရှိ တတိယစစ်အာဏာရှင်မျိုးဆက်ကတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး အပယ်ခံ စစ်အာဏာရှင်မျိုးဆက်ဖြစ်မှာ သေချာသွားပါပြီ။ ဘာကြောင့်လို့လဲဆိုတော့ နိုင်ငံရဲ့ ကဏ္ဍအသီးသီးဟာ အာဏာလု စစ်ဓားပြဂိုဏ်း လက်အောက်မှာ အလွန်လျင်မြန်တဲ့နှုန်းနဲ့ ဖရိုဖရဲနဲ့ ယိုယွင်း ပြိုကျလာနေတာ အားလုံးမြင်တွေ့နေကြရပါတယ်။

နိုင်ငံရဲ့ အင်စတီကျူးရှင်း အားလုံးဟာ သူတို့ရဲ့ မူလတာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိတော့ပါဘူး။ နိုင်ငံရဲ့ ကာကွယ်ရေးတာဝန်ကို စစ်တပ်က လုံးဝမထမ်းဆောင်နိုင်ဘဲ နယ်မြေပိုင်နက် ၇၀ ရာခိုင်နှုန်းကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရတဲ့အပြင် ကာကွယ်ရေးတာဝန်မဟုတ်တဲ့ ပြည်သူကို ရန်ရှာသတ်ဖြတ် ဖျက်ဆီး မီးရှို့နေတဲ့တပ် ဖြစ်သွားရပါပြီ။

စီးပွားရေးကဏ္ဍကို ကြည့်လိုက်ရင်လည်း နိုင်ငံရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ပြည်‌ထောင်စုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေ အားလုံးဟာ သူတို့ရဲ့ မူလတာဝန် ငွေကြေးဝန်ဆောင်မှုတွေ မပေးနိုင်တော့ဘဲ ဘဏ်မှာ ငွေထုတ်မရ၊ ဝန်ဆောင်မှုတွေ မပေးနိုင်ဘဲ စတင်ပြိုကျလာနေပါပြီ။

ကျန်းမာရေးကဏ္ဍကို ကြည့်လိုက်ရင်လည်း နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဆေးရုံ ဆေးခန်းတွေဟာ သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေ ထိထိရောက်ရောက် မပေးနိုင်တော့သလို ပညာရေးကဏ္ဍကို ကြည့်လိုက်ပြန်တော့လည်း အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်ကောလိပ်၊ အသက်မွေးဝမ်းကျောင်းတွေဟာလည်း သူတို့ရဲ့ မူလတာဝန် စာသင်ကြားမှုကို အဖြစ်လောက် အပြသဘောလောက်သာ ရှိပါတော့တယ်။

တရားစီရင်ရေးနဲ့ လုံခြုံရေးကဏ္ဍကို ကြည့်လိုက်ပြန်တော့ တရားဥပဒေ မစိုးမိုးတာမို့ တရားရုံးတွေ၊ ရဲစခန်းတွေဟာ သူတို့ရဲ့ မူရင်းတာဝန်ကို မထမ်းဆောင်နိုင်တဲ့အပြင် ဆန့်ကျင်ဘက် ဥပဒေဖောက်ဖျက်မှုတွေ၊ ရဲစခန်းတွေက ဖဲဝိုင်းထောင်၊ ဂျင်ဝိုင်းထောင်၊ လောင်းကစားဒိုင်ခံ၊ ဖမ်းဆီးငွေညှစ် ရာဇဝတ်မှုတွေ ဗြောင်ကျူးလွန်ရာဌာနတွေ ဖြစ်လာကြတာ အားလုံး မြင်နေရပါတယ်။

ပြည်သူ့ဘဝ လူမှုဖူလုံရေးကဏ္ဍကို ကြည့်လိုက်ပြန်တော့လည်း မမှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်နဲ့ နည်းနာတွေကြောင့် ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်၊ ဆန် ဆီ ဆေးဝါး စတဲ့ အခြေခံစားကုန် လူသုံးကုန်တွေ ရှားပါးပြတ်လပ်လာရင်း ဆင်းရဲမွဲတေမှုတွေ နက်ရှိုင်းလို့ ပြည်သူတွေဟာ ဆင်းရဲပင်ပန်းကြီးစွာ ရုန်းကန်လာကြရပါတယ်။ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့် အစိုးရ ရုံးဌာနတွေက အစိုးဝန်ထမ်းတွေဟာလည်း သူတို့ရဲ့ မူရင်းတာဝန်ကို မထမ်းဆောင်နိုင်တော့ဘဲ အကျင့်ပျက်ခြစားမှုတွေ အမြင့်ဆုံးကျူးလွန်ပြီး သူတောင်းစားအဆင့်ကနေ သူခိုးဓားပြတွေ ဖြစ်လာခဲ့ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရမယ်ဆိုရင် နိုင်ငံ့အာဏာကို တရားမဲ့စွာ လုယက်ခဲ့ရုံသာမက နိုင်နင်းစွာ မအုပ်ချုပ်နိုင်တာမို့ ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အပယ်ခံ အာဏာလု စစ်ဓားပြဂိုဏ်းနဲ့ ခေါင်းဆောင်တွေရဲ့ အချိန် သိပ်မကျန်တော့ဘူး ဆိုတာကို နိုင်ငံအတွင်းမှာ အလျင်အမြန် ယိုယွင်းရာက တဝုန်းဝုန်းပြိုကျလာတဲ့ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီး အခြေအနေနဲ့ နိုင်ငံတွင်း ကသောင်းကနင်းဖြစ်မှုတွေက ညွှန်ပြလာပါပြီ။

အဲဒီ အပယ်ခံစစ်တပ်နဲ့ အပယ်ခံစစ်တပ် လိုလားသူတွေရဲ့ ဓားပြခေါင်းဆောင် မကောင်းဆိုးဝါး မင်းအောင်လှိုင်ကတော့ အပယ်ခံစစ်တပ်ရဲ့ ထပ်ဆင့်အပယ်ခံဘဝ ရောက်ရရုံသာမက သူကိုးကွယ်အားထားရာ သခင်ဖြစ်တဲ့ ကွန်မြူနစ်အမည်ခံ တရုတ်အာဏာပိုင်တွေရဲ့ ပစ်ပယ်မှုပါ ခံလာရတာမို့ သူ့ရဲ့ နောက်ဆုံးရက်တွေဟာ စတင်ရေတွက်နေပြီ ဖြစ်ပါတယ်။

သေချာတာတခုကတော့ အများပြည်သူက မုန်းတီးရွံရှာပြီး လုံးဝလက်မခံကြတော့တာမို့ အပယ်ခံ စစ်အာဏာရှင်စနစ်ရော ထပ်ဆင့်အပယ်ခံ မင်းအောင်လှိုင်တို့ဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ မကြာခင် သေချာပေါက် ဖယ်ရှားခံရပြီး ထာဝရ ပျောက်ကွယ်ရတော့မှာပါ။ ဒါပေမဲ့ ဂုဏ်ထူးဆောင် အပယ်ခံ မင်းအောင်လှိုင် အခြေအနေကတော့ အပယ်ခံစစ်တပ်ထက်ကို ပိုစောလျင်စွာ ဖယ်ရှားခံရပြီး ရက်ပိုင်းလပိုင်းအတွင်း ပျောက်ကွယ်သွားမယ်ဆိုတာကို အကြီးအကျယ် စစ်ရှုံးနေတာကို တားဆီးဖို့ လက်တွေ့ မှန်ကန်စွာ အားမထုတ်ဘဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ရန်ကာဘုရားနှစ်ဆူကို ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို ပင့်ဆောင်လာပြီး လောကနန္ဒာ ဘုရားဝင်းထဲမှာ ပြောင်းရွှေ့ ယတြာချေတဲ့ သွေးရူးသွေးတမ်းလုပ်ရပ်က သက်သေခံနေပါတယ်။ အပယ်ခံတကာတို့ရဲ့ အပယ်ခံ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးရက်‌တွေကို မြန်မာပြည်သူတွေက ဝမ်းမြောက်စွာ စတင်ရေတွက်နေကြပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013