DVB Logo
Home
မြန်မာသတင်း
ဆားတောင်ရဲစခန်းတိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေ၊  မတ္တရာတွင် စစ်ကောင်စီဗုံးကြောင့် ပြည်သူ ၆ ဦး သေ
DVB
·
July 13, 2024
ဆားတောင်ရဲစခန်းတိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေ၊  မတ္တရာတွင် စစ်ကောင်စီဗုံးကြောင့် ပြည်သူ ၆ ဦး သေ
1 / 2
Donate to DVB

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက Y12 လေယာဉ်အပါအဝင် Mi 35၊ ဂျက်ဖိုက်တာတို့နဲ့ စစ်ကူပေးခဲ့သလို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီက ဗုံးသီးချတာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက် သေဆုံးခဲ့ပါတယ်။

ဆားတောင်မြို့ရဲစခန်းကို ဇူလိုင် ၁၂ ရက် မနက် ၁၁ နာရီကစလို့ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲတယ်လို့  ဆားတောင် ဒေသခံတွေက ပြောပါတယ်။

ဆားတောင်မြို့ခံတယောက်က “တိုက်ပွဲဖြစ်တော့ ရဲစခန်းအနီးပတ်ဝန်းကျင်က ပြည်သူတွေ ကနဦး နေရပ်စွန့်ခွာထွက်ပြေးရတာပေါ့။ ပစ်ခတ်သံတွေပိုများလာတော့ တမြို့လုံးထွက်ပြေးရတယ်။ လေယာဉ်တွေကလည်း တအုန်းအုန်း ပစ်ခတ်တာရော၊ ဗုံးကြဲတာရော လုပ်တယ်။ ဘာတွေဖြစ်မလဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

လေယာဉ်လာ‌ရောက်ဗုံးကြဲလို့ ဆားတောင်ရဲစခန်းရဲ့ အနောက်ဘက် မီးသတ်ရုံနဲ့ နေအိမ်တချို့ ပျက်စီးပြီး ပြည်သူတွေတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ က ကိုဗညားက  “ကျနော်တို့ စခန်းသိမ်းနိုင်ဖို့ ဆားတောင်မြို့ကို နေ့ခင်း ၁၁ နာရီကစပြီး ချဉ်းကပ်တာဗျ။ ညနေ ၄ နာရီကျတော့ တိုက်ပွဲက အပြင်းအထန်ဖြစ်တယ်။ ကျနော်တို့ဘက်က RPG ၄ လုံး ပစ်တိုက်တယ်။ စနိုက်ပါနဲ့လည်းပစ်တယ်။ စခန်းအနီးအထိ ဝင်ရောက်ပြီး စခန်းသိမ်းကာနီးကျမှ စစ်ကောင်စီဘက်က Y 12 အမျိုးအစားရော၊ Mi 35 ရော၊ ဂျက်ဖိုက်တာရော ၃ စီးနဲ့ ပစ်ခတ်တယ်။ Y 12 လေယာဉ်ဆိုရင် ဗုံးသီး ၂ လုံး အထိချတယ်။ ကျနော်တို့လည်း ပြည်သူနေအိမ်ထိခိုက်မှာစိုးလို့ ည ၉ နာရီမှာ တပ်ပြန်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ယောက်အထိ သေဆုံးပြီး ထိဒဏ်ရာရရှိသူတွေလည်း များပြားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆားတောင်‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ကိုဝလုံးနဲ့ ကိုသင်္ချိုင်းတို့က DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း၊ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၁၃ ရက် ဒီနေ့မှာ စစ်ကိုင်းမြို့ကနေ စစ်ကိုင်း-ရွှေဘို-မန္တလေးလမ်းပေါ် သွားလာနေတဲ့ ပြည်သူကားတွေကို စစ်ကောင်စီတပ်သားတွေ တားဆီးလိုက်ပါလာပြီး ဆားတောင်မြို့ထဲက ဆားတောင်ဆေးရုံ၊ ရဲစခန်းနဲ့ စျေးအနီးမှာ နေရာယူစစ်ကူဖြည့်တင်းနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက ဗုံးသီးချတိုက်ခိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Information Network ဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ည ၉ နာရီခွဲကျော်က မတ္တရာမြို့နယ်၊ ဇီးဖြူပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ၁ မိုင်လောက်ဝေးတဲ့ တောင်တံငါရွာဘက်ကို ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။

ဗုံးသီးက တောင်တံငါရွာတောင်ဘက် အုတ်စက်ပေါ်ကျရောက်ခဲ့ပြီး အုတ်စက်အလုပ်သမား အသက် ၂၀ ဝန်းကျင်အမျိုးသား ၁ ယောက်နဲ့ သူ့ရဲ့ ဖခင်၊ မိခင်တို့ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Wetlet Information Network တာဝန်ခံ ကိုနဂါးလေးက “မနေ့ညက ဇီးဖြူပင်ဘောင်ကြီးက စစ်သားတွေက ဒရုန်းနဲ့ ဗုံးသီးချတာ တောင်တံငါရွာ တောင်ဘက်အုတ်စက်ထဲကျတာ အသက် ၂၀ ဝန်းကျင်အမျိုးသား ၁ ဦး ဆုံးသွားတယ်။ မကြာခင်မှာပဲ သူ့အဖေနဲ့ အမေ ထပ်ဆုံးသွားတယ်။ ၂ ဦးက ထိခိုက်ဒဏ်ရာရတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၁၃ ရက် ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာလည်း မတ္တရာအရှေ့ခြမ်း သန်းကုန်းရွာနဲ့ကျွန်းတောရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကျွန်းတောရွာသား ၃ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပြီး သန်းကုန်းရွာက လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကိုနဂါးလေးက“ညက ၁၂ နာရီခွဲကျော်ပေါ့။ တံတားဦးဘက်ကတတ်လာတဲ့ ဂျက်ဖိုက်တာက ဗုံးကြဲတာ၊ သန်းကုန်းရွာနဲ့ လူနည်းစုနေတဲ့ ကျွန်းတောဆိုတဲ့ တောကလေးထဲ ပေါင် ၅၀၀ ကျတာ၊ ၃ ဦး သေထားတယ်” လို့ ဆက်ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့မှာ တကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအချို့ ဖြတ်တောက်ထားတဲ့အတွက် သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013