DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မလေးရှားသို့ဆက်သွားမည့် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
July 12, 2024
ထိုင်းတောင်ပိုင်းတွင် မလေးရှားသို့ဆက်သွားမည့် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ချိုင်းယားမြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို ဆက်သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၁၁ ဦး ဖမ်းဆီးခံရတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၁ ရက် မနက် ၅ နာရီခွဲလောက်က စူရတ်ဌာနီ အဝေးပြေးလမ်း ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် အမှတ် ၄၁ လမ်းမကြီးဘက်ကို ၆ ဘီး ဟီးနိုးကားကြီးတစီး မောင်းဝင်လာကြောင်း၊ အဆိုပါကားနောက်ခန်းမှာ မိုးကာနဲ့အုပ်ထားပေမဲ့ လေဝင်ပေါက်ဖွင့်ထားလို့ မသင်္ကာတာနဲ့ အနောက်က လိုက်သွားခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။

“အဲဒီကားကိုမီလာတော့ ရပ်တံ့စစ်ဆေးရာ ကားမောင်းသူမှာ ထိုင်းနိုင်ငံသား နိုင်းအာနတ်စ် (၃၃ နှစ်) နဲ့ ဘေးက နိုင်းကေ့ကွန်း (၂၃ နှစ်) က ဘေးမှထိုင်လိုက်လာကြောင်း၊ နောက်ခန်းမိုးကာကို လှပ်ကြည့်လိုက်ရာမှာတော့ လူတွေပြည့်သိပ်ပြီး လိုက်ပါလာတယ်။ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၁၁၁ ဦးရှိပြီး အဲဒီထဲမှာ ကလေးတယောက် ပါလာတယ်။ အားလုံးနီးပါး အထောက်အထားမရှိ၊ တချို့က ပတ်စ်ပို့ရှိပေမဲ့ ထိုင်းဝင်ခွင့်ဗီဇာတုံး မထုထားဘူး။” 

ယာဉ်မောင်းရဲ့ ဖွင့်ဟဝန်ခံချက်အရ အဲဒီလူတွေကို ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ကနေ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကို ပို့ပေးဖို့ အမည်မသိသူတဦးက LINE အပလီကေးရှင်းကနေ ဆက်သွယ်လာတယ်။ ပို့ဆောင်ခ ဘတ် ၅၀,၀၀၀ ပေးမယ်ဆိုတာကြောင့် ပိုက်ဆံများများရတဲ့အတွက် လက်ခံကာ သွားကြိုခဲ့တယ်။ ပြီးရင် သူတို့ မလေးရှားဘက် ဆက်သွားမယ်၊ သူ့အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် ကျူးလွန်ခြင်းသာဖြစ်ပြီး ခါတိုင်းဆိုရင်တော့ သူဟာ ထိုင်းမြောက်ပိုင်းက သီးနှံတွေ တောင်ပိုင်းကိုပို့ပေးတဲ့ အလုပ် လုပ်တယ်လို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူက သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့ စူရတ်ဌာနီ အဝေးပြေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source:Matichon 

Photo-Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013