DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မိုးမိတ်တွင် တိုက်ပွဲပြင်းထန်၊ TNLA နှင့်ပူးပေါင်းတပ်က စခန်း ၅ ခုအထိ သိမ်းပိုက်
DVB
·
July 10, 2024
မိုးမိတ်တွင် တိုက်ပွဲပြင်းထန်၊ TNLA နှင့်ပူးပေါင်းတပ်က စခန်း ၅ ခုအထိ သိမ်းပိုက်
Donate to DVB

စစ်ကောင်စီတပ် စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ ၂၂၃၊ ခလရ ၂၇၆ တပ်တွေအခြေစိုက်တဲ့ မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဇူလိုင် ၃ ရက်ကနေ ၉ ရက်အထိ တပတ်အတွင်း တပ်စခန်း ၅ ခုကိုသိမ်းပိုက်ထားနိုင်ကြောင်း TNLA က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃ ရက်မှာ ရွှေသာယာတပ်စခန်း၊ ၇ ရက်နေ့မှာ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနဲ့ လယ်ကြီးစခန်း၊ ၉ ရက်နေ့မှာတော့ သရက်တောစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

PSLF/TNLA ပြောရေးဆိုခွင့်ရ လွေးယေဦးက  “တိုက်ပွဲမှာတော့ ကျမတို့မိုးမိတ်မှာတည်ရှိတဲ့ သရက်တော တပ်စခန်းကိုတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ မိုးမိတ်မှာဆိုရင်တော့ စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို ကျမတို့သိမ်းပိုက်နိုင်ခဲ့ပြီ။ လက်ရှိမှာတော့ တပ်စခန်း ၄ ခုတော့ကျန်ပါသေးတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ အခုသိမ်းပိုက်ထားတဲ့ စခန်းတွေထဲ တပ်ရင်းစခန်းတွေ ပါ၊ မပါကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။

ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ မိုးမိတ်မြို့ထဲက စစ်ကောင်စီတပ်တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး ၈ ရက်နေ့ကစလို့ မြို့ပြင်နားက တပ်ရင်းတွေကနေ လက်နက်သံတွေကြားခဲ့ရတာလို့ သိရပါတယ်။

မြို့တွင်းနဲ့ ၂ မိုင်ပတ်လည်မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး မြို့ထဲအိမ်စောင့်ကျန်နေခဲ့တဲ့ မိသားစုဝင်နဲ့ ဇူလိုင် ၉ ရက်နေ့လယ် ပိုင်းလောက်ကစလို့ အဆက်အသွယ်ပြတ်တောက်သွားပြီလို့ မိုးမိတ်မြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“အခုကတော့ လယ်ကြီးဆိုတဲ့ရွာ၊ သရက်တောဆိုတဲ့ရွာက စစ်တပ်ကုန်းနဲ့ နီးနေပြီပေါ့နော်။ ရှိရင်‌တောင် ၁ မိုင်လောက်တောင်မရှိတော့ဘူး အစ်ကိုရယ်။ အဲနားမှာတော့ တွယ်နေကြတယ်လို့ ကြားတယ်ရှင့်၊ ပစ်နေကြပြီပေါ့။ အဲနားထိ‌တော့ ရောက်သွားပြီပေါ့။ မြို့ထဲကနေဖြတ်ပြီးတော့ ကတော့။ လေယာဉ်နဲ့ပစ်တာတို့၊ လက်နက်ကြီးတွေနဲ့ ထုတာတို့ ဆိုတာ အိမ်ဘေးပတ်လည်နားတွေကို ကျတာပေါ့။ အိမ်ဘေးပတ်လည်နားတွေကျတာဆိုတော့ အိမ်ရဲ့ခေါင်မိုးပေါ်တွေရော၊ တခါတရံကျရင် မီးဖိုချောင်တွေရော ကျတယ်ဆိုတော့ ကျမတို့ ခိုနေတဲ့ နေရာကနေမထွက်ရဲတော့လေ၊ သူတို့လည်းအပြင်ရဲ့ကိစ္စတော့ ဘာမှမသိရသေးတာပေါ့။”

ဇူလိုင် ၉ ရက်နေ့တိုက်ပွဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ရွှေတောင်ဦးက ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးသေပြီး ဘုန်းကြီး တစ်ပါးအပါအဝင် ၃ ဦးထိခိုက်ခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

TNLA ကတော့ PLA၊ PDF၊ မိုးကုတ်ဗျုဟာ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ဇူလိုင် ၅ ရက်နေ့ထဲက အသိပေးခဲ့ပါတယ်။

အခုချိန် ရိက္ခာနဲ့ စက်သုံးဆီတွေပြတ်တောက်လာပြီး မြို့ထဲအိမ်စောင့်ကျန်နေခဲ့တဲ့ ဒေသခံတချို့ကတော့ မြို့ပြင်တွေမှာရှိတဲ့ ကျေးရွာတွေဆီ စစ်ရှောင်ကြတယ်လို့ ပြောကြပေမဲ့ အခြေအနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မိုးမိတ်မြို့မှာ ဇန်နဝါရီလကတည်းက မြို့တွင်းတိုက်ပွဲတွေဖြစ်ခဲ့ပြီး အခုဇူလိုင်လအထိ ၇ လနီးပါးအကြာမှာ မြို့သိမ်းတိုက်ပွဲတွေ ထပ်ဖြစ်လာတာပါ။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013