DVB Logo
Home
မြန်မာသတင်း
ပြင်းထန် ဝမ်းရောဂါကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးဌာန ထုတ်ပြန်
DVB
·
July 7, 2024
ပြင်းထန် ဝမ်းရောဂါကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးဌာန ထုတ်ပြန်
Donate to DVB

ရန်ကုန်မြို့မှာဖြစ်ပွားနေတဲ့ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် လက်ရှိအချိန်အထိ သေဆုံးသူမရှိသေးဘူးလို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ပြီး ရောဂါမကူးစက်စေဖို့ ရန်ကုန်မြို့က ကျောင်းမုန့်ဈေးတန်းတွေ အပါအဝင် ဈေးတွေနဲ့ လမ်းဘေးမှာ ရောင်းချနေတဲ့ မုန့်ဟင်းခါးနဲ့ အသုပ်ဆိုင်တွေကို ပိတ်ထားဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က ညွှန်ကြားထားတယ်လို့ စာသင်ကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန်လအစပိုင်းမှာ ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့လူနာတွေရှိခဲ့ပြီး နှစ်စဉ်မိုးရာသီကာလမှာ ပုံမှန်အတိုင်း ဖြစ်ပွားတဲ့အနေနဲ့ပဲ ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဇွန်လကုန်ပိုင်းလောက်က စတင်ပြီး သာကေတမြို့နယ် အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်တချို့မှာ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့ လူနာတချို့အနေနဲ့ ပြည်သူ့ဆေးရုံတွေဆီ တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် သေဆုံးတဲ့ လူနာမရှိဘူးလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၅ ယောက် ထက်မနည်း ရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။

သာကေတမြို့နယ်မှာနေထိုင်သူတယောက်က “ဒီမှာတင် ၃ ယောက်လောက် ဆုံးတယ်လို့ ပြောနေကြတာပဲ။ သတင်းတွေ ဖုံးဖိဖို့လုပ်နေတယ်လို့ကြားတယ်။ ရောဂါကူးမှာကို အားလုံးက စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ  ကာလဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပြီး သေဆုံးသူ ၅ ယောက် အထိရှိလာတယ်လို့ သတင်းထွက်လာခဲ့ပြီးနောက်ပိုင်း ကျောင်းမုန့်ဈေးတန်းက မုန့်ဟင်းခါးနဲ့ အသုပ်ဆိုင်တွေပိတ်ဖို့ ညွှန်ကြားလာတာလို့ မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းတကျောင်းက ဆရာမတယောက်က ပြောပါတယ်။

“တီချယ်တို့အနေနဲ့က ကျောင်းက မုန့်စျေးတန်းမှာ စျေးရောင်းတဲ့သူတွေကို သင့်သင့်လျောက်ပတ်တဲ့ စျေးနှုန်းနဲ့ သန့်ရှင်းလတ်ဆက်တဲ့ အစားအစာတွေ ရောင်းချခွင့်ပြုထားတာပါ။ လိုင်းပေါ်မှာ တက်လာသလို သာကေတဘက်မှာ ရောဂါဖြစ်ပြီး လူသေဆုံးတာတွေပါ ရှိလာလို့ အခုလို ညွှန်ကြားချက်ထုတ်ပြီး ပိတ်ခိုင်းတာပါ” လို့ ပြောပါတယ်။

ရန်ကုန်က ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ့ရှိမှု အများဆုံးဖြစ်နေတဲ့ သာကေတမြို့နယ်ထဲက ထွေအုပ်ရုံးမှာ အရေးပေါ်ဆေးခန်းဖွင့်ထားပြီး  ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းတွေပေါင်းပြီး  ဝမ်းရောဂါဖြစ်ပွားသူ ရှိ မရှိကို တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က လတ်တလောဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါနဲ့ပတ်သက်ပြီး ဆိုင်ပိတ်သိမ်းပေးဖို့ ပြောဆိုလာတဲ့အပေါ် အခက်အခဲ ရှိလာနိုင်တယ် လို့ ကျောက်တံတားမြို့နယ်မှာ လမ်းဘေး မုန့်ဟင်းခါးနဲ့ အသုပ်စုံ ရောင်းချနေသူတယောက်က ပြောပါတယ်။

“မနေ့က စည်ပင်ကလာပြီး ဆိုင်ခဏပိတ်ထားပေးဖို့ လာပြောသွားတာ။ ဘယ်တော့ပြန်ဖွင့်ရမလဲ ဆိုတာတော့ အတိအကျမသိသေးဘူးလို့ ပြောတယ်။ ကျမတို့က လမ်းဘေးရောင်းတာဆိုပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ယင်လုံအောင် ဖုံးအုပ်ပြီး ရောင်းတာပါ။ မိသားစုစားဝတ်နေရေးအတွက် ဒါလေးရောင်းနေတာကို အခုပိတ်ခိုင်းတော့ အခက်ခဲရှိလာနိုင်တာပေါ့” လို့ ပြောပါတယ်။

သာကေတမြို့နယ်ထဲက ရောဂါတွေ့ရှိမှုများနေတဲ့ အနော်မာနဲ့ ထူပါရုံအပါအဝင် တခြား ရပ်ကွက်တွေထဲက မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်အပြင် တခြား ချက်ပြုတ်ပြင်ဆင်ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို  ဇူလိုင် ၁၃ ရက်နေ့အထိ ဆိုင်ပိတ်အရောင်းရပ်ထားဖို့ကို YCDC က အသိပေးထားကြောင်း သိရပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးပိုးတွေ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ဝင်ရောက်ရာကနေ ဖြစ်ပွားပြီး အဲဒီရောဂါပိုးတွေဟာ ယင်နားစာ စတဲ့ မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ မသန့်ရှင်းတဲ့ရေတို့က တဆင့်လည်းကောင်း၊ လက်မသန့်စင်တာ စတဲ့ တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ယင်မလုံတဲ့ အိမ်သာနဲ့ အိမ်သာကန်တွေတွေကတဆင့် ရောဂါအဆင့်ဆင့် ကူးစက်ဖြစ်ပွားတာလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့ ယင်နားစာ အပါအဝင် မသန့်ရှင်းတဲ့ အစားအစာတွေမစားဖို့၊ ရေကို ကျိုချက်သောက်ဖို့၊ လက်သန့်စင်ရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး ဂရုပြုဖို့၊ ယင်လုံအိမ်သာသုံးဖို့နဲ့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့၊ ရောဂါလက္ခဏာတွေခံစားရရင် နီးစပ်ရာကျန်းမာရေးဌာနတွေနဲ့ ပြည်သူ့ဆေးရုံတွေကို သွားရောက်ဖို့လည်း ကျန်းမာရေးဌာနကနေ ဖုန်းတွေကို စာတိုတွေ ပေးပို့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013