DVB Logo
Home
မြန်မာသတင်း
ပန်းတောင်း-တောင်ကုတ်လမ်းတွင် စစ်ကောင်စီက တပ်အင်အားတိုးချပြီး ခံစစ်အတွက် ပြင်နေ
DVB
·
July 4, 2024
ပန်းတောင်း-တောင်ကုတ်လမ်းတွင် စစ်ကောင်စီက တပ်အင်အားတိုးချပြီး ခံစစ်အတွက် ပြင်နေ
Donate to DVB

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ တမြို့ပြီးတမြို့ သိမ်းပိုက်နေတာကြောင့် ပြည်နယ်ချင်း ထိစပ်နေတဲ့ ပန်းတောင်း-တောင်ကုတ်လမ်းမှာ စစ်ကောင်စီက တပ်အင်အား တိုးချပြီး ခံစစ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

AA ရဲ့ အဆက်မပြတ်ထိုးစစ်ဆင်နေပြီး ပြည်မနဲ့အနီးဆုံးမှာရှိတဲ့ သံတွဲမြို့ကိုပါ ထိန်းချုပ်ထားနိုင်လိုက်ပြီဖြစ်တာကြောင့် ပဲခူးတိုင်းထဲကို ရောက်ဖို့ မိုင် ၁၀၀ ကျော်သာ‌ ဝေးတော့တဲ့ အခြေအနေကို ရောက်နေပြီလို့ ပန်းတောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့၀င်တဦးက ပြောပါတယ်။

အရင်က ပန်းတောင်း-တောင်ကုတ်လမ်းမှာ နယ်ခြားမှတ်တိုင်စစ်ဆေးရေးဂိတ်တခုပဲ ရှိပေမဲ့ အခုရက်ပိုင်းတွေမှာတော့ ညောင်ချိုးဂိတ်အပြင် နောက်ထက် ၄ နေရာမှာလည်း တပ်တွေ အထိုင်ချထားတယ်လို့ ဆိုပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်က  “နေပူတောင်ကို အခုလည်း တပ်စွဲဖို့လုပ်နေတာ၊ အခုတပ်တွေ ဆက်တိုက်ပို့နေတယ်၊ ညောင်ချိုး၊ မိုးထိ၊ ၂၇ မိုင်နဲ့ ရေပေါ်ကြီးမှာလည်း အခုတပ်စွဲထားတယ်၊ အပေါ်ကဆင်းလာမှာကို ကာကွယ်ဖို့လို့ ပြောတာပဲ။ အင်အားအတိအကျတော့ မသိဘူး။ ညောင်ချိုးမှာတော့ အင်အား ၅၀ ကျော်လောက်ရှိတယ်၊ ရေပေါ်ကြီးလည်း အဲ့လောက်တော့ရှိမယ်။ ၂၇ မိုင်မှာတော့ သစ်တော၊ ရဲနဲ့ စစ်တပ်ပေါင်းမှ ၁၀ ယောက်သာသာပဲရှိတာ။ ညောင်ချိုးက အရင်ကတည်းက အဖွဲ့စုံ စစ်ဆေးရေးဂိတ်ဆိုတော့ အခု စစ်တပ်က ထပ်ပြီးတိုးချဲ့ထားတော့ အရမ်းများသွားတာ။ အခု ရခိုင်ဘက်ကလာသူကော၊ ပြည်မဘက်က လာသူကောကို ဘယ်သူမှ အသွားမခံတော့ဘူး၊ အရင်က ဓာတ်ဆီတို့၊ စားသောက်ကုန်တို့၊ မားမားခေါက်ဆွဲ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆီ တို့ဘာတို့က တောထဲကနေ ဆိုင်ကယ်တွေနဲ့ ငွေပေးပြီးသွားလို့ ရသေးတာ၊ အခု လုံး၀သွားလို့မရတော့ဘူး အကုန်ဖမ်းတာ။ အရင်က သစ်ခိုးလမ်းတွေ ရှိတယ်မလား တောထဲကနေဖောက်ထားတာ အခု အဲ့ဒီလမ်းတွေအကုန်လုံး ဘူဒိုဇာတွေနဲ့ဖျက်ပစ်လိုက်ပြီ” လို့ ပြောပါတယ်။

ဇွန် ၂၀ ရက်ကလည်း ပြည်မြို့ဘက်က ဆင်းလာသော အင်အား ၂၀၀ လောက်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က နေပူတောင် မရောက်ခင် လမ်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်တွေ ရေပေါ်ကြီးကို မကျော်နိုင်သေးတာကြောင့် နေပူတောင်မှာ စခန်းမချနိုင်သေးတာလို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“မိုးထိမှာ အရင်က တပ်မရှိဘူး၊ အခု စခန်းချထားတယ်ဗျာ။ အဲဒီကနေ နေပူတောင်ကို တက်ပြီးတော့ အဲဒီမှာပါ စခန်းတခု လုပ်ချင်တာဗျာ ခံစစ်သဘောမျိုး ထားချင်တာ။ နေပူတောင်ကို မတက်ခင်မှာ AA က နေရာယူပြီးစောင့်နေတာ၊ အဲဒီမှာ တိုက်ပွဲဖြစ်တာ။ သူတို့သွားတုန်းက ၂၀၀ လောက်ရှိတာ၊ ၄၀ လောက်က လက်နက်ချပြီး ၆၀ လောက်က သေတယ်လို့ ပြောတာပဲ။ ရေပေါ်ကြီးအထိ သူတို့ပြန်ဆင်းလာကြတယ်၊ ရေပေါ်ကြီးဟိုဘက်ကိုတော့ မကျော်ရဲဘူး၊ ရေပေါ်ကြီးကမိုင်ကုန်ပဲ။”

ရခိုင်ပြည်ကနေ နောက်တလမ်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်း နဲ့ တဆက်စပ်တည်းရှိတဲ့ မင်းတုန်း၊ မင်းလှ၊ ငဖဲ၊ စေတုတ္တရာ နဲ့ ပုသိမ်-မုံရွာလမ်း အရှေ့ဘက်က ဒေသတွေမှာလည်း စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်နေတယ်လို့ မင်းတုန်းမြို့နယ် ပကဖတာဝန်ခံ ကိုဘဟိန်းက ပြောပါတယ်။

“ဒေသခံတွေ စားသောက်ကုန် ဝယ်တာကအစ သူတို့ခွင့်ပြုချက် အရင်ယူရတယ်။ ဘာပစ္စည်း ကပ်ဖာ ဘယ်လောက်အထိ ၀ယ်မလဲဆိုတဲ့ စာရင်းအသေးစိတ်ကိုရေးပြီး ညကတည်းက ပို့ထားရတယ်။ အပြန်ကို အဲ့ဒီစာရင်းအတိုင်း ဟုတ်မဟုတ် စစ်ဆေးတာ။ ရခိုင်ရိုးမတကြောမှာရှိတဲ့ ဒေသခံ PDF တွေအပေါ်မှာ ထိန်းချုပ်ချင်တာပေါ့။ ပုံသိမ်-မုံရွာအနောက်ဘက်ကျတော့ PDF တွေက ရခိုင်ရိုးမပေါ်မှာ အခြေချကြတာ။ အဲ့တော့ သူတို့က ပုသိမ်-မုံရွာ လမ်းပေါ်မှာရှိတယ်၊ မျက်နှာချင်းဆိုင် အနေအထားပေါ့။ သူတို့က လမ်းအားသာချက်နဲ့ တလင်းပြင်လုပ်ဖို့ ကြိုးစားနေတာ။ AA ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားရင်တော့ စကစ တပ်တွေ ရခိုင်ပြည်ကနေ ဆုတ်ခွာသွားတဲ့အခါကျရင်တော့ အခု ၄ မြို့နယ် ကနေပြီးတော့ သူတို့တပ်တွေကို ပြန်လည်ဖြန့်ကျက်ပြီးတော့ ပြည်မနဲ့ AA ကို ကာဖို့ သူတို့လုပ်ဆောင်လိမ့်မယ်လို့တော့ ထင်ပါတယ်” လို့ ပြောပါတယ်။

ချင်းညီ​နောင်တပ်​တွေက ဇွန် ၂၉ ရက်မှာ မတူပီမြိုကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့သလို KNLA၊ KNDO နဲ့ ပူး​ပေါင်းတပ်​တွေကလည်း စစ်​ကောင်စီရဲ့ စကခ ၁၃ ​အောက်က ခမရ ၅၆၀ တပ်ရင်းကို ဇွန် ၂၁ ရက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ဒါ​ကြောင့် ဇူလိုင် ၃ ရက်အထိ ညီနောင် ၃ ဖော်နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ အချက်အလက်​တွေအရ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၆၃ မြို့ ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် AA က သံတွဲမြို့၊​ မောင်​တောမြို့၊ TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​နောင်ချို၊ ​ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က မတ္တရာနဲ့ စဥ့်ကူး၊ MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့က စစ်​ကောင်စီတပ်စခန်း​တွေကို ထိုးစစ်ဆင်တိုက်ခိုက်​နေကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့တွေပြီးရင် ပြည်မဘက်ကိုပါ ဆင်းလာနိုင်တာကြောင့် စစ်ကောင်စီက ပြည်မဘက်မှာ ခံစစ်အတွက် ပြင်ဆင်လာနေသလို ရခိုင်ပြည်နယ်ကို ဖြတ် ၄ ဖြတ်လုပ်ပြီး  ရိက္ခာ၊ လောင်စာဆီတွေ ပြတ်လပ်သွားအောင် လုပ်ဆောင်နေပါတယ်၊။

မင်းညို 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013