
မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ တောင်ကိုရီးယားဘက်ကို ဦးတည်ပြီး အသံချဲ့စက်တွေနဲ့ စမ်းသပ်ထုတ်လွှင့်မှု ပြုလုပ်ခဲ့တယ်လို့ နယ်စပ်ဒေသရှိ တောင်ကိုရီးယား ပြည်သူတွေကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီး ညီမ ကင်မ်ယိုးဂျုံဟာ တောင်ကိုရီးယားဘက်ကို အသံချဲ့စက်နဲ့ ပြန်လည်ထုတ်လွှင့်ဖို့ ပြင်ဆင်မှုတွေကို ဒီလအတွင်း အပြီးသတ် ဆောင်ရွက်သွားမယ်လို့ ဒီလအစောပိုင်းမှာ ပြောထားတာပါ။
ဒါ့အပြင် ကြာသပတေးနေ့မှာပဲ မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဆီ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းလောက် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က စစ်မဲ့ဇုန် (DMZ) အတွင်း မိုင်း ၂ ကြိမ်ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သည် ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိုင်းတွေကို မြောက်ကိုရီးယားတပ်ဖွဲ့တွေက ထောင်ထားတာဖြစ်လို့ ဒါဟာ စစ် ယာယီရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့ ထုတ်ပြန်ထားပြီး ပြန်တောင်းပန်ဖို့ ဆိုးလ်က တောင်းဆိုထားပါတယ်။
ပြုံယမ်းဘက်ကတော့ တာဝန်ရှိကြောင်း ငြင်းဆိုထားပြီး ဒီအဖြစ်အပျက်ကို ဆိုးလ်က လုပ်ကြံဖန်တီးထားတာလို့ ပြန်လည်စွပ်စွဲထားပါတယ်။
Source: Reuters











