DVB Logo
Home
မြန်မာသတင်း
အလယ်ဗိုလ်တဲတွင် တိုက်ပွဲဖြစ်၊ ကော့ကရိတ် ဖြတ်သန်းခွင့် စစ်ကောင်စီတပ်ကို ငွေပေးရ
DVB
·
July 2, 2024
အလယ်ဗိုလ်တဲတွင် တိုက်ပွဲဖြစ်၊ ကော့ကရိတ် ဖြတ်သန်းခွင့် စစ်ကောင်စီတပ်ကို ငွေပေးရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဗိုလ်တဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်နဲ့ ကုန်တင်ယာဉ်တွေ ရပ်နားထားရတဲ့အပြင် ကော့ကရိတ်မြို့တွင်း ဖြတ်သန်းခွင့်အတွက် စစ်ကောင်စီတပ်ကို ငွေပေးသွားနေရတယ်လို့  ကုန်သည်တွေက ပြောပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့  နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုး ဝင်ရောက်လာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းတွေဟာ ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကနေ မြဝတီမြို့ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဇူလိုင် ၁  ရက်နေ့ နေ့လယ်ပိုင်းက ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဗိုလ်တဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ ရပ်နားထားရပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကုန်သည်တဦးက “တိုက်ပွဲဖြစ်ရင် သွားရေးလာရေးက အဆင်မပြေဘူးလေ။ လမ်းကလည်း သိတဲ့အတိုင်းပဲ အန္တရာယ်များတယ်။ အခုဆိုလို့ရှိရင် လမ်းတွေ ပိတ်ဆို့နေတယ်။ အခု  သာမညကနေ ကော့ကရိတ်သွားမယ်ဆို တော်တော်ကြာကြာ သွားရတယ်။ ကားတွေက တောက်လျှောက်ပဲ ပိတ်နေတာ။ လှိုင်ဝကနေ အောက်ဗိုလ်တဲကို ထွက်ဖို့က ငွေ ၇ သိန်း ၈ သိန်းကုန်တယ်” လို့ ပြောပါတယ်။

ဇွန် ၁၈ ရက်ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် လမ်းပိုင်းတလျှောက် မြေပြိုတာ၊ လမ်းမြေသား ရေတိုက်စားတာ၊ ကျေးရွာချင်းဆက် လမ်းတွေပျက်စီးပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဇွန် ၂၇ ရက် နေ့လယ်ပိုင်းကစတင်ပြီး ခရီးသည်ယာဉ်နဲ့ ကုန်စည်တင်ယာဉ်တွေကို ကော့ကရိတ်မြို့တွင်း လမ်းကနေ လှိုင်ဝ-ဘားအံလမ်းပိုင်းကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။  နှစ်ဖက်တိုက်ပွဲတွေကြောင့် ခရီးသည်နဲ့ ကုန်တင်ယာဉ်တွေ  အောက်ဗိုလ်တဲမှာ ပိတ်နေတယ်လို့  ယာဉ်မောင်းတွေက ပြောပါတယ်။

ယာဉ်မောင်းတဦးက “မောင်းလာရင် အောက်ဗိုလ်တဲရောက်မှ နယ်မြေအခြေအနေအရ သူတို့ ပြန်ပိတ်ထားတယ်။ အောက်ဗိုလ်တဲမှာတော့ လောလောဆယ် ကားပိတ်ထားတယ်။ အောက်ဗိုလ်တဲကနေ ကော့ကရိတ်ဘက်ကိုတော့ ကားမလွှတ်သေးဘူး။”

လမ်းပြန်ဆက်သွယ်ရေး ခက်ခဲတာကြောင့် ဘားအံ-မြဝတီကို ခရီးသည် ၁ ယောက် ကျပ် ၁ သိန်း ၂ သောင်းကနေ ကျပ် ၁ သိန်းခွဲအထိ ယာဉ်စီးခတွေ မြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် ကုန်စည်တင်ယာဉ်တွေ ရှားလာတာကြောင့် ခရီးသည်နဲ့ ကုန်စည်တင်ဆောင်ခတွေပါ ဈေးနှုန်းမြင့်တက်ခဲ့တဲ့အပြင် မြဝတီမြို့မှာ ကုန်စည်ပြတ်တောက်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ဖိအားပေး ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်သူတွေဟာ အလုပ်အကိုင်မရှိတာကြောင့် စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် တဖက်မှာလည်း လုံခြုံမှုမရှိတာကြောင့် အခြေအနေ ကြည့်နေရတယ်လို့ ပြည်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်သူတဦးက “စားသောက်ရေးက အလုပ်အကိုင်တွေက မရှိကြဘူး။ သူများဆီမှာ နေတာ အဆင်မပြေလို့သာ ကိုယ့်မြို့ ကိုယ်ရွာ ပြန်နေရတာလေ။ အလုပ်အကိုင်ကျတော့လည်း တချို့ကျတော့ ဈေးနည်းနည်းပါးပါးရောင်းကြတယ်။ လုံခြုံမှုကျတော့လည်း အခြေအနေပဲ ကြည့်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားပြီး စစ်ရေးပြင်ဆင်နေတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတယောက် နေအိမ်ခြံဝင်းအတွင်း မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013