DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် လက်နက်ဝယ်ယူရာတွင် ထိုင်းဘဏ်များက ထိပ်တန်းပံ့ပိုးကူညီသူဖြစ်နေ 
DVB
·
June 27, 2024
မြန်မာစစ်တပ် လက်နက်ဝယ်ယူရာတွင် ထိုင်းဘဏ်များက ထိပ်တန်းပံ့ပိုးကူညီသူဖြစ်နေ 
Donate to DVB

မြန်မာစစ်တပ်က စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ ငွေကြေးဝန်ဆောင်မှုတွေအတွက် ထိုင်းဘဏ်တွေက ထိပ်တန်းပံ့ပိုးကူညီသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဇွန် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားချိန်မှာ မြန်မာစစ်အုပ်စုက လက်နက်တွေ ဘယ်လိုဆက်လက်ပြီးတော့ ဝယ်ယူနိုင်နေသလဲ ဆိုတဲ့အပေါ် အခြေခံပြီးတော့ စစ်ဆေးချိန်မှာ ထိုင်းဘဏ္ဍာရေးဝန်ဆောင်မှုပေးဆောင်သူတွေကတဆင့် လက်နက်တွေ ဆက်လက် ၀ယ်ယူနိုင်ခဲ့တာကို ခြေရာခံဖော်ပြခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဆိုပါတယ်။

မြန်မာစစ်အုပ်စုကို အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေကို စင်ကာပူ အစိုးရက ကန့်သတ် အရေးယူမှုတွေ လုပ်ဆောင်လာနေတာကြောင့် ထိုင်းဘဏ်တွေကို ပြောင်းလဲ အသုံးပြုလာနေတာဖြစ်ပြီး “စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရရှိ‌စေရေးအတွက် နိုင်ငံတကာဘဏ်လုပ်ငန်းကွန်ရက်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေတယ်”လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံပေါင်း ၇ နိုင်ငံမှာ ရှိတဲ့ ဘဏ် ၁၆ ဘဏ်ခုကနေ မြန်မာ စစ်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးတွေနဲ့ ပတ်သက်တဲ့ အရောင်းအ၀ယ်တွေ လုပ် ဆောင်ခဲ့သလို အာဏာသိမ်းပြီးကတည်းက ဘဏ်ပေါင်း ၂၅ ခုက မြန်မာနိုင်ငံက နိုင်ငံပိုင် ဘဏ်တွေကို ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အစိုးရဟာ အထီးကျန်ဆန်မှု ပိုများလာနေပြီး စစ်လက်နက်ပစ္စည်းအပါအဝင် နည်းပညာတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုး တင်သွင်းခဲ့ ပြီး အရင်နှစ်က ၃၇၇ သန်းနဲ့ နှိုင်းယှဉ်ရင် သုံးပုံတပုံအထိ ကျဆင်းသွားတယ်လို့လည်း တွမ်အန်ဒရူးစ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာထဲမှာ စုံစမ်းတွေ့ရှိချက်တွေအရ စင်ကာပူမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကတဆင့် မြန်မာနိုင်ငံကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ စီးဆင်းမှုဟာ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ဖော်ပြထားကာ စင်ကာပူအခြေစိုက် ဘဏ်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာနှစ်မှာ တရားဝင်ဘဏ်စနစ်နဲ့ ဖြတ်သန်းခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ဝယ်ယူမှု ၇၀ ရာခိုင်နှုန်းကျော်ကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးခဲ့ပေမဲ့ အဆိုပါ ရာခိုင်နှုန်းဟာ ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ၂၀ ရာခိုင်နှုန်း အောက် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၃ ဘဏ္ဍာနှစ်အထိ ထိုင်းနိုင်ငံရဲ့ တင်ပို့မှုကတော့ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော်ကနေ သန်း ၁၃၀ နီးပါးအထိ နှစ်ဆကျော် တိုးလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ အသုံးပြုတဲ့  Mi-17 နဲ့ Mi-35 ရဟတ်ယာဉ်တွေအတွက် အစိတ်အပိုင်းတွေအပါအဝင် စင်ကာပူအခြေစိုက် အဖွဲ့အစည်းတွေကနေ အရင်က စစ်အုပ်စုရဲ့ ဝယ်ယူမှုတွေက အခုအခါမှာတော့ ထိုင်းနိုင်ငံက အရင်းအမြစ်တွေ ဖြစ်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Source: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013