DVB Logo
Home
မြန်မာသတင်း
စစ်မြေပြင်ဖြစ်နေသည့် လွိုင်ကော်မြို့ကို ဒေသခံများ ပြန်နေထိုင်ရန် မသင့်သေး
DVB
·
June 25, 2024
စစ်မြေပြင်ဖြစ်နေသည့် လွိုင်ကော်မြို့ကို ဒေသခံများ ပြန်နေထိုင်ရန် မသင့်သေး
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ  ဒေသခံတွေ ပြန်နေထိုင်ကြဖို့  စစ်ကောင်စီက စည်းရုံးလှုံ့ဆော်မှုတွေ လုပ်လာပေမဲ့ လွိုင်ကော်ဟာ ရှေ့တန်းစစ်မြေပြင်ဖြစ်နေပြီး နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ပြန်နေထိုင်ဖို့မသင့်ဘူးလို့ တော်လှန်ရေးတပ်တွေက ပြောဆိုကြပါတယ်။

မြို့တော်လွိုင်ကော်မှာ ၁၁၁၁ စစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်တွေက တိုက်ပွဲတွေ ဖော်ဆောင်တာ ၈ လနီးပါး ရှိလာပါပြီ။ စစ်ကောင်စီက လွိုင်ကော်ကို ပြန်ထိန်းချုပ်နိုင်သွားပြီလို့ဆိုကာ ဒေသခံတွေ ပြန်လာနေထိုင်ကြဖို့ လှုံ့ဆော်ထားပေမဲ့ တော်လှန်ရေးတပ်တွေကတော့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။

ဇွန် ၁၅ ရက်ကတည်းက လွိုင်ကော်မြို့ထဲမှာ သန့်ရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေကြောင်း စစ်ကောင်စီက ဆိုထားပေမဲ့ မြို့ထဲမှာ နှစ်ဘက်တပ်တွေ ရင်ဆိုင်ထားဆဲ ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဆိုပါတယ်။

လွိုင်ကော်မြို့ထဲမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေပြီး တိုက်ပွဲတွေ ဒီ့ထက်ပြင်းထန်လာနိုင်တယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူက DVB ကို ပြောပါတယ်။

“စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေက မြို့ထဲမှာ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်။ ထိတွေ့တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာရင် စစ်ကောင်စီဘက်က လေကြောင်းသုံးတာတွေ လက်နက်ကြီးသုံးတာတွေ လုပ်လာနိုင်တဲ့အတွက် ပြည်သူတွေ ထိခိုက်နိုင်တယ်။ လုံခြုံရေးအရ ပြန်နေထိုင်ဖို့မသင့်သေးတဲ့နေရာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ဟာ စစ်ဖြစ်နေတဲ့ စစ်မြေပြင် ဖြစ်နေတယ်။”

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ဘက်ကနေ အင်အား  ၅၀၀ ကျော်နဲ့ ကရင်နီပြည်နယ်ဘက်ကို ထိုးစစ်ဆင်လာပြီး လွိုင်ကော်အပြင် မိုးဗြဲနဲ့ ဖယ်ခုံတို့မှာ စစ်ရေးအခြေအနေတွေ ပြင်းထန်နေ ပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်နေပြီး ဒေသခံတွေအနေနဲ့ ပြန်နေထိုင်ဖို့အတွက်ဆိုရင် ကြုံလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားစေလိုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားခွန်အောင်က DVB ကို ပြောပါတယ်။

“ပြန်လာခိုင်းတာတွေ ရှိတယ်။ ပြန်လာအောင် ပုံစံအမျိုးမျိုး လုပ်နေတာရှိတယ်။ နေပြီးသားလူတွေရဲ့ အိမ်တွေကို စစ်ကောင်စီက လိုက်တပ်စွဲတာတွေ လုပ်တယ်။ အတူတူနေ၊ ထွက်မသွားနဲ့၊ သွားရင် အိမ်ကို မီးရှို့မယ် ပြောတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ မြေမြှုပ်မိုင်းအန္တရာယ် ရှိတာလည်း စိတ်ထဲမှတ်ထားပါ။ လူမှုစီးပွားနဲ့ ကုန်ဈေးနှုန်းက နှစ်ဆ၊ သုံးဆ ကြီးနိုင်တယ်။ ဒီအချက်တွေအခြေခံပြီး ပြန်သင့်၊ မသင့် စဉ်းစားစေလိုတယ်။”

၂၀၂၃ ခုနှစ်အတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေနဲ့ ထိန်းချုပ်နယ်မြေတွေ ရှိလာပေမဲ့ အခု ၂၀၂၄ ခုနှစ် ဇွန်လထဲမှာတော့ ရှမ်းတောင်ဒေသ ဆီဆိုင်ဘက်ကနေ စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ်နဲ့ ပြန်ရင်ဆိုင်နေရပါတယ်။

မြတ်ကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013