DVB Logo
Home
မြန်မာသတင်း
ပုသိမ်တက္ကသိုလ်တွင် ဒုတိယအကြိမ် စစ်သင်တန်းဖွင့်၊ စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူငယ်များကို စစ်သင်တန်းကျောင်းပို့
DVB
·
June 24, 2024
ပုသိမ်တက္ကသိုလ်တွင် ဒုတိယအကြိမ် စစ်သင်တန်းဖွင့်၊ စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူငယ်များကို စစ်သင်တန်းကျောင်းပို့
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်မှာ အခြေခံစစ်ပညာသင်တန်း ၂/၂၀၂၄ ကို ဒီကနေ့ ဇွန် ၂၄ ရက်မှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒုတိယကြိမ်မြောက် ဖွင့်လှစ်ခဲ့တယ်လို့ တက္ကသိုလ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်ပါက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေပါ စစ်မှုထမ်းရမယ်လို့ ပြောဆိုပြီးနောက် သင်တန်းတွေ ဆက်တိုက်ဖွင့်လာတာလို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“စစ်မှုထမ်းကိစ္စတွေနဲ့ ရှုပ်နေလို့ အခုမှဖွင့်တာ၊ အရင်သင်တန်းတွေလည်း ရှိတယ်၊ ဒါက ဒုတိယကြိမ်၊ ဖေဖော်ဝါရီလထဲမှာ ပထမကြိမ်ဖွင့်သေးတယ်၊ အကုန်လုံးနီးပါးတက်ရတယ်။”

ပုသိမ်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁ ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဦးဆောင်ကာ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ အမှတ် ၇ တက္ကသိုလ်များလေ့ကျင့်ရေးတပ်က အခြေခံစစ်ပညာသင်တန်း ၁/၂၀၂၄ ကို ဖွင့်လှစ်ခဲ့တာပါ။

အခြေခံစစ်သင်တန်း ဒုတိယအကြိမ်မှာတော့ မိန်းကလေးအင်အား များပြားပြီး ယောက်ျားလေးက မရှိသလောက် နည်းတယ်လို့ ကျောင်းသူတဦးက ပြောပါတယ်။

“ယောကျ်ားလေးတွေက စစ်မှုထမ်းတဲ့အထဲ ပါသွားတော့ မရှိသလောက်ဘဲ။ မိန်းကလေးက များတယ်။ သူတို့ အဓိကရည်ရွယ်ချက်က စစ်မှုထမ်းတဲ့အချိန် သင်တန်းနဲ့ မစိမ်းအောင် ရည်ရွယ်ပြီးပေးတာ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ ပထမအကြိမ် အခြေခံစစ်သင်တန်း ၁/၂၀၂၄ ကို ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) နဲ့ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွေက ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ တက်ခဲ့ရပါတယ်။

လတ်တလောမှာ ဧရာဝတီတိုင်း မြို့နယ် ၂၅ မြို့နယ်က ဒေသခံပြည်သူတွေဟာ စစ်မှုထမ်းသင်တန်းအတွက် စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းအပြင် နယ်မြေခံတပ်တွေမှာပါ သင်တန်းတွေ တက်နေရတာပါ။

စစ်မှုထမ်းအပတ်စဥ် ၃ အတွက် ဇွန် ၂၂ ရက် မနက်မှ ညနေအထိ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့၊ ရှမ်းတောင်နဲ့ ရှမ်းမြောက်က လူငယ်တွေကို ပို့ဆောင်ခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် သင်တန်းတွေ ပြင်ဆင်ရတာနဲ့ အပတ်စဥ် ၁ သင်တန်းဆင်းပွဲအတွက် စီစဥ်နေရတာဖြစ်လို့ အပတ်စဥ် ၃ ကို နေပြည်တော်မှာ အရင်ခေါ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေက နောက်ကျနေတာဖြစ်တယ်လို့ နီးစပ်သူက ပြောပါတယ်။

“ရှမ်းအတွက် သင်တန်းကျောင်းတွေ စီစဥ်တာတွေ ရှိတယ်။ ဒီလဆို ရှမ်းမြောက်ရော ရှမ်းအရှေ့ရော ပါလာတယ်။ အပတ်စဥ် ၁ က သင်တန်းဆင်းတော့မယ်။ အမျိုးသမီး အပတ်စဥ် ၁ အတွက် ကြိုလုပ်နေရတာလည်း ရှိတယ်။ ဒါကြောင့် အပတ်စဥ် ၃ က နောက်ကျသွားတာ။”

ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်က လူငယ်တွေကို စစ်ကောင်စီတပ်က စစ်ယာဥ်တန်းတွေနဲ့ စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်းတွေကို ပို့ဆောင်ခဲ့တာပါ။

နေပြည်တော်မှာတော့ ပြီးခဲ့တဲ့ မေ ၂၅ ရက်က စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူငယ် ၃၀၀ နီးပါးကို စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကတဆင့် အမှတ် ၂ တန်းမြင့်သင်တန်းကျောင်းကို ပို့ခဲ့တာပါ။

စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်စဥ် ၁ နဲ့ အပတ်စဥ် ၂ ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရှိတဲ့ စစ်အခြေခံသင်တန်းကျောင်း ၇ ကျောင်း၊ တန်းမြင့်သင်တန်းကျောင်း ၁၈ ကျောင်းနဲ့ နယ်မြေခံတပ်တွေမှာ ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြု လက်မှတ်ထိုးပြီးနောက် မတ် ၂၉ ရက်စပြီး စစ်မှုထမ်း အပတ်စဥ် ၁ ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013