DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဈာပနကို နိုင်ငံတဝန်း တက်ရောက်ကြရန် တိုက်တွန်း
DVB
·
June 24, 2024
စစ်ကောင်စီကို သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဈာပနကို နိုင်ငံတဝန်း တက်ရောက်ကြရန် တိုက်တွန်း
1 / 2
Donate to DVB

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူသွားရတဲ့အတွက် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုကို ဇွန် ၂၃ ရက်နေ့မှာ စတင်ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့၀င် ဆရာတော်တပါးက “စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်တယ်ဆိုတာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေရဲ့ လှူဒါန်းမှုအားလုံးကို လက်မခံဘဲ သူတို့နဲ့ အဆက်အဆံမလုပ်ကြဖို့ သံဃာတော်တွေ တညီတညွတ်တည်း သဘောတူကြတာပါ။  ရှင်တော်ဘုရား ထားတော်မူခဲ့တဲ့ ၀ိနည်းတော်အတိုင်း ချောင်းဦးနယ်က ရဟန်းတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်မှု စတင်ပြုလုပ်လိုက်တဲ့အပေါ်မှာ ကြိုဆိုထောက်ခံပါတယ်”လို့  DVB ကို မိန့်ကြားပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာ ကျင်းပမယ့် ရွှေကျင်နိကာရသံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတာလည်း ဖြစ်ပါတယ်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားတွေကပစ်ခတ်လို့ ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး ဇွန် ၂၁ ရက်ကလည်း သံဃသမဂ္ဂ (မန္တလေး) နဲ့ နွေဦးတော်လှန်ရေး သံဃကွန်ရက်တို့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်တုန်းကလည်း ပခုက္ကူမြို့က ရဟန်းသံဃာတော်တွေကို စစ်တပ်က ညှဉ်းပန်းရိုက်နှက်ခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ နအဖစစ်အစိုးရကို ရဟန်းသံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြပါသေးတယ်။

ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိစျာပနကို နိုင်ငံတဝန်းရှိ ရဟန်းသံဃာတော်တွေနဲ့ တပည့်ဒကာ၊ ဒကာမတွေ ကြွရောက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) က ဇွန် ၂၃ ရက်မှာ အထူးတိုက်တွန်းနှိုးဆော်လွှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့၀င် ရဟန်းတော်တပါးက ``နိုင်ငံတဝန်းလုံးက ရဟန်းသံဃာတော်တွေနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေအနေနဲ့ သမိုင်းဝင် စံတန်ဖိုးထားရမယ့် သာသနာ့အာဇာနည် ကျမ်းပြုအကျော်ဆရာတော်ကြီးရဲ့ များပြားလှတဲ့ ကျေးဇူးဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်တို့ကို ပူဇော်ရင်းနဲ့ သံဝေဂတရားတွေ ပွားများနိုင်ကြစေဖို့လို့ အခုလိုအထူးတိုက်တွန်းနှိုးဆော်လွှာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်”လို့ DVB ကို မိန့်ပါတယ်။

ဇွန် ၁၉ ရက်မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနကို ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ဆင်ဖြူကွင်းသုသာန်ကို ပို့ဆောင်မီးပူဇော်ဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013